ဂျာမနီကို မြန်မာ့စိန်တလုံးသရက် တင်ပို့

ရန်​ကုန်​ ၊ ဇွန်​ ၂၁ – ၂၀၁၉

သူရိန် (VOM)

 

မြန်မာနိုင်ငံက စိန်တလုံးသရက်သီး ဂျာမနီနိုင်ငံကို  အခုလ ၂၀ ရက်​ကစတင်ပို့​နေပြီလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နဲ့အပင် ဇီဝနည်းပညာဌာနခွဲက သိရပါတယ်​။

 

ဂျာမနီကိုတင်ပို့မယ့် စိန်တလုံးသရက်​တွေကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်၊ မြတ်ရတနာခြံက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP) စံချိန်စံညွှန်းနဲ့အညီ စိုက်ပျိုးထားတာဖြစ်ပြီး ဒီနှစ်အတွင်း ကီလို ၆၀ ကို နှစ်ကြိမ်ခွဲပြီး တင်ပို့သွားမှာ ဖြစ်​ပါတယ်​။

 

“ကုမ္ပဏီက ပါလာတဲ့သရက်သီးကို ကျနော်တို့ဆီမှာ အခြောက်ခံတာတွေ လုပ်တယ်။ ကုမ္ပဏီနဲ့ ဌာနက ပညာရှင်တွေ ပူးပေါင်းစစ်ဆေးပြီး ပို့တာပါ။”လို့ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နဲ့ အပင်ဇီဝနည်းပညာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထိုက်ကြွယ်က ပြောပါတယ်​။

 

ဂျာမနီကို စိန်တလုံးသရက်များတင်ပို့နိုင်ဖို့ အရည်အသွေးစစ်ဆေးတာ၊ ရေနွေးစိမ်တာ၊ အခြောက်ခံတာ၊ ပြန်လည်စစ်ဆေးတာနဲ့ ပြင်ဆင်ထုပ်ပိုးတာတွေကို စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နဲ့ အပင်ဇီဝနည်းပညာဌာနခွဲ၊ မြတ်ရတနာစက်မှုကုမ္ပဏီ၊ ဂျပန်နိုင်ငံမှ စူမီတိုမိုကုမ္ပဏီတို့ ပူးပေါင်းပြီး ဇွန်လ ၂၀ ရက် နေ့လည်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းက ရိတ်သိမ်းချိန်လွန်နည်းပညာ ပေးရေးဗဟိုဌာနမှာ ဆောင်ရွက်ခဲ့ပါတယ်။

 

ဂျာမနီကို စိန်တလုံးသရက် တင်ပို့ရာမှာ ပြည်တွင်းရောင်းဈေးထက် ဈေးပိုရရှိ​ပေမယ့်​ စစ်ဆေးထုပ်ပိုးမှု​တွေ စနစ်တကျပြုလုပ်ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဂျာမနီကို ကီလို ၁၄၀ တင်ပို့နိုင်ခဲ့ပါတယ်။

 

#voiceofmyanmar  # ဂျာမနီကို မြန်မာ့စိန်တလုံးသရက် တင်ပို့  #ရန်ကုန် #

Related posts

Leave a Comment

VOM News

FREE
VIEW