မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွား လေယာဉ်ပစ်ကူများနဲ့ပစ်ခတ်

မင်းပြား၊ ဇွန် ၂၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းအတွင်းမှာရှိတဲ့ ရွှေကျင်ကျေးရွာအနီးမှာ ဒီနေ့မနက်ပိုင်းက တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ကြပါတယ်။

 

အဲ့ဒီတိုက်ပွဲဟာ ရွှေကျင်ကျေးရွာနဲ့ အရှေ့ဘက်တောင်တန်းတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့သလို ရဟတ်ယာဉ်တွေနဲ့လည်း ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

 

“တိုက်ပွဲက ကျနော်တို့ရွာရဲ့ အရှေ့ဘက်တောင်တန်းတွေမှာ ဖြစ်ခဲ့တာပါ။ ဖြစ်တာတော့ မမြင်ရဘူး။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကိုပဲ ကြားရတာပါ။ ရဟတ်ယာဉ်နှစ်စီးနဲ့တော့ မိနစ် ၂၀ ဝန်းကျင်လောက် ပစ်ခတ်ခဲ့တာကိုတော့ မြင်လိုက်ရပါတယ်။”လို့ ရွှေကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက ပြောပါတယ်။

 

အဲဒီတိုက်ပွဲဟာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ AA ဘက်ကနေ ယာယီတပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး လေယာဉ်ပစ်ကူအသုံးပြုပစ်ခတ်မှုရှိမရှိကို သူ့အနေနဲ့ မပြောနိုင်ဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

 

“တိုက်ပွဲက မနက် ၁၀ နာရီလောက်က စဖြစ်ပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲတော့ မဟုတ်ဘူး။ AA က အဲ့ဒီနားမှာ ယာယီခံစစ်ယူထားတဲ့စခန်းကို ကျနော်တို့ဝင်ပြီးတော့မှ သိမ်းတာပါ။ လေယာဉ်ပစ်ကူသုံးမသုံးကိုတော့ မသိဘူး။ လေကြောင်းကင်းထောက်မှုတွေတော့ ပြုလုပ်ခဲ့ပါတယ်။”လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

 

အဲ့ဒီတိုက်ပွဲအတွင်း တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ပေမယ့် AA ဘက်က ကျဆုံးမှု ရှိမရှိကိုမသိရသေးကြောင်းကိုလည်း ပြောဆိုပါတယ်။

 

#voiceofmaynamr  #  မင်းပြားမြို့နယ်ရွှေကျင်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွား #လေယာဉ်ပစ်ကူများနဲ့ပစ်ခတ် # ရခိုင် #မင်းပြား

Related posts

Leave a Comment

VOM News

FREE
VIEW