မန္တလေးမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနအသစ် တို့ချဲ့ဖွဲ့စည်း

မန္တလေး၊ ဇွန် ၂၁ – ၂၀၁၉

နေသူ (VOM)

 

နိုင်ငံတော်သမ္မတက  မန္တလေးတိုင်းမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန (အသစ်)ကို တိုးချဲ့ဖွဲ့စည်းဖို့ တိုင်းလွှတ်တော်ကို သဝဏ်လွှာပေးပို့ အဆိုပြုခဲ့တာဖြစ်ပြီး ဒီနေ့ ဇွန် ၂၁ ရက်မှာ ကျင်းပတဲ့ မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးမှာတော့  အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်ထက်မှာ ဝန်ကြီးဌာနအသစ် ဖွဲ့စည်းဖို့ မန္တလေးတိုင်းလွှတ်တော်ကို ပထမဆုံးအကြိမ် ပေးပို့ခဲ့တဲ့အဆိုပြု သဝဏ်လွှာ ဖြစ်ပါတယ်။

 

ဝန်ကြီးဌာနအသစ် ဖွဲ့စည်းဖို့ သမ္မတကနေ တိုင်းလွှတ်တော်ကို ၂၀၀၈ အခြေခံဥပဒေအရ အတည်ပြုချက် ရယူခဲ့တာဖြစ်ပြီး ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းခြင်းနဲ့ ဝန်ကြီးအရေအတွက်ကိုတော့ သမ္မတကသာ လုပ်ပိုင်ခွင့်ရှိတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

 

ဒီဌာနဖွဲ့စည်းတာနဲ့ ပတ်သက်လို့ ဒေါက်တာ ဇော်မြင့်မောင်က“လူ့စွမ်းအားအရင်းအမြစ်ဌာန တစ်ခုကို ပီပီပြင်ပြင်ပေါ်လာစေချင်တယ်။ ပေါ်လာပြီးရင် အလုပ်အကိုင် ရှာဖွေဖန်တီးရေးကို ဆောင်ရွက်ပေးနိုင်မယ်။ လူဝင်မှုကြီးကြပ်ရေးကလည်း ပိုပြီးတော့ နည်းနည်းလေး အရေးကြီးတဲ့အချိန် ရောက်လာပြီ။ မကြာခင်လည်း ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ အတွက် သန်းခေါင်စာရင်း ကောက်ဖို့လုပ်နေတာတွေ ရှိပါတယ်။ တစ်ခုကတာ့ နိုင်ငံသား ရပိုင်ခွင့် အပြည့်အဝရဖို့ပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေ မကျန်ဖို့ပါ။”လို့  ပြောပါတယ်။

 

မန္တလေးတိုင်း ဝန်ကြီး နေရာအတွက် အရည်အချင်းပြည့်ဝတဲ့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးရဲ့ အမည်စာရင်းကို ဦးစားပေးအဆင့်နဲ့ သမ္မတရုံးကို တင်ပြပေးသွားမှာဖြစ်ပေမယ့် သူတို့သုံးဦးရဲ့ အမည်ကိုတော့  ဝန်ကြီးချုပ်က ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း မရှိသေးပါဘူး။

 

အခုလို လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနတွေ အခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း ဆက်လက် ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့က သိရပါတယ်။

 

#voiceofmyanmar # လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအသစ် တို့ချဲ့ဖွဲ့စည်း #ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW