လက်ပံတန်းမှာ သမီးယောက်ဖ စကားများပြီး ဓါးခုတ်မှုဖြစ် တစ်ဦးသေ

လက်​ပံတန်း၊ ဇွန်​ ၂၁ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း လက်​ပံတန်းမြို့နယ်​အတွင်းက ခမုံနယ်မြေ၊ မြင်ကဝကျေးရွာအုပ်စု၊ အေးသာယာ​ကျေးရွာမှာ မ​နေ့ည​နေပိုင်းက သမီး​ယောက်​ဖနှစ်ဦး စကားများပြီး ဓါးနဲ့ခုတ်​သတ်​ခဲ့မှု ဖြစ်ခဲ့တယ်​လို့ ခမုံနယ်​​မြေ ရဲစခန်းက သိရပါတယ်​။

 

“ဖိုးကွီးက သူ့အစ်မကို မူးပြီး ရန်လုပ်နေတာလည်းပါတယ်။ ပြီးတော့ ကျေးရွာ တစ်အုပ်စုတည်းနေတဲ့ အသက် ၁၂ နှစ်အရွယ်ရှိတဲ့ မိန်းကလေးငယ်ကို သေဆုံးသူ ဖိုးကွီးက အဓမ္မပြုကျင့်ခဲ့လို့ ယောက်ဖက ရှက်ပြီး ဓားနဲ့ခုတ်သတ်လိုက်တာပါ။ ယောက်ဖက လူရိုးလူအေးကြီးပါ။”လို့ မြင်ကဝအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။

 

အေးသာယာ​ကျေးရွာ​နေ အသက်​ ၃၁ နှစ်​အရွယ်​ ခိုင်​လင်းနိုင်​(ခ)ဖိုးကွီးဟာ အရက်​​သောက်​ပြီး တစ်​အိမ်​တည်း ​နေ အစ်မဖြစ်​သူကို စ​ကေဘာနဲ့ လိုက်​လံထိုးသတ်နေ​တာကို ယောက်​ဖ​တော်​သူ အသက်​ ၄၅ နှစ်​အရွယ် ဦးစံ​အေးက ဝင်​​ရောက်​တားဆီးခဲ့ပါတယ်။ အဲဒီလိုတားဆီးစဉ် ဖိုးကွီးက ကိုင်းခုတ်​ဓားနဲ့လိုက်ခုတ်​ရာ ဦးစံ​အေးက ဓားကိုလုယူပြီး ပြန်​လည်​ခုခံ ခုတ်​ခဲ့လို့ လူသတ်​မှု ဖြစ်​ပွားခဲ့တာလို့ ​ ရဲမှတ်​တမ်းမှာ​ ဖော်​ပြထားပါတယ်​။

 

ဓားခုတ်​မှုကြောင့်​ ဖိုးကွီးရဲ့လည်​ပင်းမှာ လည်​ပြွန်​အထိ ပြတ်​ရှဒဏ်​ရာ၊ ညာဘက်​နှာ​ခေါင်းကနေ ​မေးရိုးအထိ ဒဏ်​ရာတစ်​ချက်​၊ ဘယ်​လက်​ဒဏ်​ရာ​တွေနဲ့ ​နေရာမှာပဲ သေဆုံး​သွားတယ်​လို့ ဆိုပါတယ်​။

 

အဲဒီ လူသတ်​မှုနဲ့ ပတ်သက်ပြီး ဦးစံအေးကို (ပ)၃၀ ရာဇသတ်​ကြီးပုဒ်​မ ၃၀၂နဲ့ အမှုဖွင့်​ ဖမ်းဆီးထားတယ်လို့ ခမုံနယ်​​မြေရဲစခန်း တာဝန်​ရှိသူတစ်​ဦးက ​ပြောဆိုပါတယ်​။ လူသတ်​မှုကို အ​ရေးယူ​ဆောင်​ရွက်​ထား​ပြီဖြစ်ပေမယ့် မုဒိမ်းမှုနဲ့ပတ်သက်တာကို​တော့ စိစစ်​​​ဆောင်​ရွက်​​နေဆဲဖြစ်​လို့ ဖြစ်စဉ်​​အ​သေးစိတ်​ကို မထုတ်​ပြန်နိုင်​​သေးဘူးလို့ ရဲစခန်းက​ ပြောဆိုပါတယ်​။

 

#voiceofmyanmar  # လက်ပံတန်းမှာသမီးယောက်ဖစကားများပြီးဓါးခုတ်မှုဖြစ်တစ်ဦးသေ# ပဲခူး #လက်ပံတန်း #

Related posts

Leave a Comment

VOM News

FREE
VIEW