တန်ဖိုးမြှင့် စားသောက်ကုန်ထုတ် စက်မှုဇုန်​ကို လေးနှစ်​အတွင်း ဖော်ဆောင်မယ်

ရန်​ကုန်​ ၊ ဇွန်​ ၂၇- ၂၀၁၉

သူရိန်(VOM)

 

တန်ဖိုးမြှင့် စားသောက်ကုန်ထုတ် စက်မှုဇုန်​ကို လေးနှစ်​အတွင်း ဖော်ဆောင်သွားမယ်​လို့ Dagon International Limited နဲ့ JFE Engineering Corporation တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဇွန် ၂၅ ရက်ပွဲက သိရပါတယ်။

 

ဒီစီမံကိန်းကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြို့နယ်ခေတ်မီစက်မှုလယ်ယာ စံပြစိုက်ပျိုးရေး အထူးဇုန် ၁ ၊ အကွက် ၁  မြေဧက ၅၀၀ ပေါ်မှာ အမေရိကန် ဒေါ်လာသန်း ၁၅၀ ​လောက်​ ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်မှာ ဖြစ်​ပါတယ်​။

 

“စက်မှုဇုန် ဖော်ဆောင်မယ့် နေရာက အမှတ် ၂ လမ်းမကြီးနဲ့ အမှတ် ၇ လမ်းမကြီးရဲ့ထောင့်မှာ တည်ရှိပါတယ်။ ယနေ့ စက်မှုဇုန်တွေရဲ့ အနေအထားက ရေသန့်ပေးဝေမှု၊ ရေဆိုးစွန့်ပစ်မှု၊ အမှိုက်စွန့်ပစ်မှုတွေကို သာမန်အားဖြင့်ပဲ ဖော်ထုတ်ထားတာပါ။ ကျနော်တို့ စက်မှုဇုန်သည် နိုင်ငံတကာအဆင့်မီတဲ့ စက်မှုဇုန်ဖြစ်လာဖို့လမ်းညွှန်ချက်အရ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။” လို့ Dagon International Limited ဥက္ကဌ ဦးဝင်းအောင်က ​ပြောပါတယ်​။

 

လယ်ယာထွက် ကုန်ပစ္စည်းတွေကို အခြေခံပြီး တန်ဖိုးမြှင့် စားသောက်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ ဒီစက်မှုဇုန်ကို အကောင်အထည်ဖော်မှာဖြစ်ပြီး ဝယ်နေကျ ဈေးနှုန်းထက် လျှော့ရောင်းနိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေက ထုတ်လုပ်မယ့်စက်ရုံတွေ၊ သဘာဝထွက်ကုန်ပစ္စည်းတွေကို ပြန်လည်ဆန်းသစ်ပြီး တန်ဖိုးမြှင့်ထုတ်မယ့်စက်ရုံတွေအတွက် အဆင်ပြေနိုင်မှာ ဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရရှိမှာဖြစ်ပါတယ်။

 

ဒီစက်မှုဇုန် စီမံကိန်းထဲမှာ ပြပွဲခန်းမ၊ Whole Sale Market ၊ စက်မှုဇုန်ကထွက်ရှိလာတဲ့ ကုန်ပစ္စည်းတွေကို ရောင်းချမဲ့ဆိုင်ခန်း၊ လူနေအိမ်တိုက်ခန်းနဲ့ ပန်းခြံတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

 

စီမံကိန်းမှာ အပိုင်းသုံးပိုင်းခွဲကာ အမေရိကန်ဒေါ်လာသန်း ၁၅၀ နဲ့ အပိုင်းလိုက် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်းကာလက လေးနှစ်ခန့်ကြာမြင့်မယ်​လို့ သိရပါတယ်​။ လက်ရှိမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကို တင်ပြထားပြီး ခွင့်ပြုချက်ရရင် ပွင့်လင်းရာသီမှာ စတင် အကောင်အထည်ဖော်သွားမှာပါ။

 

 

#voiceofmyanmar # တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်စက်မှုဇုန်ကို လေးနှစ်အတွင်းဖော်ဆောင်မယ်# ရန်ကုန်# မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) #

Related posts

Leave a Comment

VOM News

FREE
VIEW