အိန္ဒိယက ငါးမြစ်ချင်း သားပေါက် တင်သွင်းခွင့်ရဖို့ တောင်းဆို

ရန်​ကုန်​ ၊ ဇွန်​ ၂၇ – ၂၀၁၉

သူရိန်(VOM)

 

အိန္ဒိယနိုင်ငံက မျိုးအဆင့်မြှင့်ထားတဲ့ ရေချိုငါးမြစ်ချင်း ငါးသားပေါက်တွေကို  G to G စနစ်နဲ့ မှာယူတင်သွင်းခွင့် ရဖို့ မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းက ငါးလုပ်ငန်းဦးစီးဌာနဆီ တင်ပြတောင်းဆိုထားတယ်​လို့ သိရပါတယ်​။

 

“အိန္ဒိယနိုင်ငံမှာ အခု မျိုးမြှင့်တင်ထားတဲ့ ငါးမြစ်ချင်း ငါးသားပေါက်တွေ ရနေပြီ။ ဒါကို ကျနော်တို့ အနေနဲ့ ဝယ်ယူတင်သွင်းလို့ ရနိုင်မလားပေါ့။ ရနိုင်မယ်ဆိုရင် ကျနော်တို့ မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် များစွာ အဆင်ပြေပါတယ်။ ဒါပေမယ့် ဒါကိုလုပ်ငန်းရှင်တွေအနေနဲ့ ဝယ်ယူခွင့်မရှိဘဲ အစိုးရချင်း (G to G) ဖြစ်တဲ့ ငါးလုပ်ငန်း ဦးစီးဌာနအနေနဲ့  ချိတ်ဆက်ပြီးမှ ဝယ်ယူတင် သွင်းခွင့်ရရှိမှာဖြစ်လို့ ဒါကို တင်ပြတာပါ။”လို့ မြန်မာနိုင်ငံငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဒေါက်တာ မြင့်ဆွေက ပြောပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ရေချိုငါး သုတေသနဌာနက အဆင့်မြှင့်တင်ထားတဲ့ ငါးမြစ်ချင်း ငါးအမျိုးအစားဟာ မြန်မာနိုင်ငံက ငါးမြစ်ချင်း ငါးမျိုးစိတ်ထက် ကြီးထွားနှုန်း ၁ ဆခွဲမက ရှိနေတာကြောင့် တင်သွင်းခွင့် ရမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့လည်း ငါးသားပေါက် မျိုးစိတ် နည်းပညာသစ်ကို စတင်အကောင်အထည်ဖော် မွေးမြူနိုင်မှာ ဖြစ်ပါတယ်။

 

ဒါပေမယ့် အိန္ဒိယက မှာယူတင်သွင်းခွင့်မရခင်အချိန်မှာ ငါးမွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ မွေးမြူပုံ နည်းစနစ်တွေ၊ ရေမြေအခြေအနေတွေအပြင် ဈေးကွက်အခြေအနေကိုလည်း ကြိုတင်တွက်ဆ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။

 

အိန္ဒိယနိုင်ငံက မျိုးအဆင့်မြှင့်ထားတဲ့ ရေချိုငါးမြစ်ချင်း ငါးသားပေါက်တွေကို  G to G စနစ်နဲ့ မှာယူတင်သွင်းခွင့်ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ဇွန် ၂၆ ရက်က ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှာ တင်ပြတောင်းဆိုခဲ့တာပါ။

 

#voiceofmyanmar #  အိန္ဒိယက ငါးမြစ်ချင်း သားပေါက် တင်သွင်းခွင့်ရဖို့ တောင်းဆို # မြန်မာနိုင်ငံငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း # ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW