မြန်မာနိုင်ငံရဲ့ဆင်းရဲနွမ်းပါးမှုဟာ အရင်ကထက် သိသိသာသာ လျော့ကျ

နေပြည်တော်၊ ၂၈ – ၂၀၁၉

ကိုထွန်း(VOM)

 

မြန်မာ့နေထိုင်မှုအခြေအနေစစ်တမ်း ၂၀၁၇ အရ မြန်မာနိုင်ငံရဲ့ဆင်းရဲနွမ်းပါးမှုဟာ အရင်ကထက် သိသိသာသာ လျော့ကျသွားတယ်လို့ ဖော်ပြပါတယ်။

 

အဲဒီစစ်တမ်းဖော်ပြချက်အရ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူဦးရေတိုးလာပေမယ့် ဆင်းရဲနွမ်းပါးသူ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ဆင်းရဲနွမ်းပါသူဦးရေဟာ ၂၀၀၅ မှာ ၁၈.၇ သန်း(၄၈.၂ ရာခိုင်နှုန်း) ရှိရာကနေ ၂၀၁၇ မှာ ၁၁.၈ သန်း(၂၄.၈ ရာခိုင်နှုန်း) သို့ ကျဆင်းသွားတာလို့ စစ်တမ်းမှာ ဖော်ပြပါတယ်။

 

“ဆင်းရဲနွမ်းပါးမှုကို တွက်ချက်တာကတော့ အနည်းဆုံးငွေကျပ် ၁၅၃၀ ပေါ်မူတည်ပြီးတော့ တွက်ချက်ထားပါတယ်။ food ရော nonfood ရောအပေါ် အခြေခံပြီး တွက်တာပါ။”လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောပါတယ်။

 

ဆင်းရဲနွမ်းပါးမှု လျော့နည်းသွားပေမယ့် အိမ်ထောင်စု အများအပြားဟာ မမျှော်လင့်ဘဲ ကျရောက်လာတဲ့ ဘေးအန္တရာယ် တခုခုနဲ့ရင်ဆိုင်ရရင် အလွယ်တကူ ပြန်ကျဆင်းနိုင်တဲ့ အခြေအနေရှိနေပါသေးတယ်။ အဓိကအားဖြင့် ကုန်ဈေးနှုန်းမြင့်မားတာ၊ နာမကျန်းဖြစ်တာ၊ မတော်တဆဖြစ်တာ၊ စိုက်ပျိုးရေးထွက်ကုန်တွေ ဈေးကောင်းမရတာ၊ ရေကြီးရေလျှံတာတွေကြောင့် အလွယ်တကူ ပြန်ကျနိုင်တာဖြစ်ပြီး ကျေးလက်ဒေသတွေမှာ အများဆုံးခံစားရတယ်လို့ ဆိုပါတယ်။  ပြီးခဲ့တဲ့ ၁၂ လ အတွင်းမှာ ကျေးလက်လူဦးရေ ထက်ဝက်နီးပါး ဘေးအန္တရာယ် တခုခုကိုရင်ဆိုင်ခဲ့ရပြီး အများဆုံးမှာ မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ နေရာဒေသကွဲပြားမှုအပေါ် သက်ရောက်မှုကြီးမားတယ်လို့လည်း ဖော်ပြပါတယ်။ ချင်းပြည်နယ်ကတော့ ဆင်းရဲနွမ်းပါးမှုမှာ ၅၈ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး လူဦးရေအားဖြင့် ၁၀ ဦးမှာ ၆ ဦး ဆင်းရဲနွမ်းပါးနေတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်က ၄၁.၆ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးဖြစ်ပြီး တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတွေကတော့ ဆင်းရဲနွမ်းပါးမှု ၁၃ ရာခိုင်နှုန်းဝန်းကျင်စီလောက်နဲ့ အနည်းဆုံးဖြစ်နေတယ်လို့ စစ်တမ်းဖော်ပြချက်အရ သိရပါတယ်။

 

ဒါပေမယ့် တိုင်းနဲ့ပြည်နယ်အလိုက် ရှိနေတဲ့လူဦးရေကွာခြားချက်ကြောင့်လည်း ဆင်းရဲနွမ်းပါးသူ အရေအတွက် ကွဲလွဲတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းဟာ ၁.၈ သန်းနဲ့ အရေအတွက် အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းက ဒုတိယအများဆုံးရှိနေပါတယ်။ ကယားပြည်နယ်ကတော့ တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ယှဉ်ရင် ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်မားပေမယ့် အရေအတွက်မှာက  ၉၁၀၀၀ လောက်သာရှိပြီး အရေအတွက်အားဖြင့် အနည်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီ စစ်တမ်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ ကမ္ဘာ့ဘဏ်၊  ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP )တို့ အကူအညီနဲ့၂၀၁၆ ဒီဇင်ဘာကနေ ၂၀၁၇ ဒီဇင်ဘာအတွင်း နိုင်ငံတဝှမ်းက စာရင်းအင်းနည်းလမ်းအရ ရွေးချယ်ထားတဲ့ မြို့နယ်ပေါင်း ၂၉၆ မြို့နယ်ရှိ အိမ်ထောင်စု ၁၃၇၃၀ ထံက ကောက်ယူခဲ့တာလို့ သိရပါတယ်။ အဲဒီစစ်တမ်း မိတ်ဆက်ပွဲကို မနေ့ ဇွန် ၂၇ ရက် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

 

“အခုထုတ်ပြန်တဲ့ အစီရင်ခံစာကို ကြည့်ပြီးတော့ တိုင်းဒေသကြီး ပြည်နယ်အလိုက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစီမံကိန်းတွေ ရေးဆွဲတဲ့နေရာမှာ အသုံးပြုနိုင်မယ်ပေါ့။ ဒါတွေကို သမ္မတရုံးကို တင်ထားပါတယ်။ အကြောင်းပြန်ကြားချက်တော့ မလာသေးပါဘူး။” စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောပါတယ်။

 

#voiceofmyanmar # မြန်မာနိုင်ငံဆင်းရဲနွမ်းပါးမှု #သိသိသာသာလျော့ကျ#စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန # မြန်မာ့နေထိုင်မှုအခြေအနေစစ်တမ်း #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW