ငါးရက်ကြာ အစားမစားရဘဲ ဂိုထောင်မှာ သော့ပိတ်ခံထားရတဲ့ မြန်မာ ၂၀ ဦးကို ထိုင်းရဲတွေကယ်တင်

ဆောင်ခလာ၊ ဇွန်-၃၀-၂၀၁၉

မျိုးဆက် (VOM)

 

ထိုင်းနိုင်ငံ ဆောင်ခလာပြည်နယ်က နယ်စပ်အနီးမှာရှိတဲ့ ဂိုထောင်တစ်ခုထဲမှာ လူမှောင်ခိုသမားတွေက သော့ပိတ်ထားခဲ့တဲ့ ကြောက်ရွံ့ပြီး ဆာလောင်မွတ်သိပ်နေကြတဲ့ မြန်မာနိုင်ငံသား ၂၀ ဦးကို ဇွန် ၂၉ ရက်မှာ ထိုင်းရဲတွေက ကယ်ဆယ်လိုက်ကြပါတယ်။

 

အများအားဖြင့် အသုံးပြုလေ့မရှိတဲ့ အဲဒီဂိုထောင်ထဲကနေ ရက်အတန်ကြာကတည်းက ကလေးတွေရဲ့ ငိုသံတွေကို ကြားနေခဲ့ရတယ်လို့ ဒေသခံတွေက ရဲတပ်ဖွဲ့ကို ပြောကြပါတယ်။

 

ပိတ်မိနေတဲ့ မြန်မာလူမျိုးတွေကို ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲ ရဲမှူးချုပ် ဆူချက်သီရာဆာဝပ် ဦးဆောင်ပြီး ဇွန် ၂၉ ရက် ညပိုင်းက ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။

 

အပြင်ဘက်ကနေ သော့အကြီးကြီးနဲ့ ခတ်ထားတဲ့ အဆောက်အဦးကို ရှာတွေ့ခဲ့ပြီး အထဲက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ငိုသံတွေကို အပြင်ကနေ ကြားခဲ့ရတယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။

 

သော့ကိုဖျက်ပြီး အထဲကို ၀င်ရောက်ချိန်မှာတော့ လျှပ်စစ်မီးမရှိ ပြတင်းပေါက်လည်းမရှိဘဲ အမှောင်ထဲမှာ ထိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို တွေ့ခဲ့ရပြီး အမျိုးသားကိုးဦး၊ အမျိုးသမီးခြောက်ဦးနဲ့ လမ်းလျှောက်ကာစ ကလေးငယ်တစ်ဦးအပါအ၀င် ကလေးငါးဦး ပါဝင်တယ်လို့ ဆိုပါတယ်။

 

လူကုန်ကူးသူတွေက အစားအစာမရှိဘဲ ငါးရက်ကြာ ပိတ်ထားခဲ့ပြီး ခေါင်မိုးပေါ်က ကျလာတဲ့ မိုးရေကိုသောက်ပြီး အသက်ရှင်ခဲ့ရတယ်လို့ မြန်မာလုပ်သားတွေက ရဲတပ်ဖွဲ့ကိုပြောပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားဖို့ လူကုန်ကူးခံခဲ့ရဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

Ref & Photo : The Nation

 

#voiceofmyanmar # ငါးရက်ကြာအစားမစားရ #ဂိုထောင်မှာသော့ပိတ်ခံထားရ #မြန်မာ ၂၀ဦး #ထိုင်းရဲတွေကယ်တင် #ထိုင်း #ဆောင်ခလာပြည်နယ် #လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ #ရဲမှူးချုပ်ဆူချက်သီရာဆာဝပ်

Related posts

Leave a Comment

VOM News

FREE
VIEW