တပ်မတော်ရဲ့ ဖမ်းဆီးခြင်းခံထားရသူတွေထဲက တစ်ဦးထပ်မံသေဆုံး

စစ်တွေ၊ ဇူလိုင် ၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ နေ့လည်ပိုင်း ၁၁ နာရီလောက်က ဝေသာလီဘုရားမှာ လက်သမားလုပ်နေတဲ့ ဒေသခံသုံးဦးကို တပ်မတော် စစ်ကြောင်း သံသယနဲ့ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

 

အဲ့ဒီဖမ်ဆီးခံရသူတွေထဲက ကိုနေမျိုးထွန်းဟာ ဇွန်လ ၂၄ ရက်နေ့က ကျောက်တော်ဆေးရုံမှာ သေဆုံးသွားခဲ့ပြီး အခု ဇူလိုင်လ ၁ ရက် ညနေ ၆ နာရီခန့်မှာလည်း ကိုဇော်ဝင်းလှိုင် (၂၈ နှစ်)ဟာ ထပ်မံသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

 

“သူက ဝေသာလီဘုရားမှာ လက်သမားလုပ်နေရင်း တပ်မတော်က ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ ကျောက်တော်တပ်မမှာ ၅ ရက်လောက် စစ်ဆေးခံခဲ့ရပါတယ်။ ပြီးတော့ ကျောက်တော်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်။ သွေးအန်ပြီးတော့ အခြေအနေမကောင်းလို့ ဆေးရုံကို ပို့ပေးခဲ့တယ်။ ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို ၃၀ ရက်နေ့က ရောက်တယ်။ ၁ ရက်နေ့မှာဆုံးတာပါ။”လို့ အစ်ကိုဖြစ်သူ ဦးဝင်းလှိုင်က ပြောပါတယ်။

 

သေဆုံးသူ ကိုဇော်ဝင်းလှိုင်ဟာ အဆုပ်ကွဲပြီး ဒဏ်ရာမှာပိုးဝင်နေပြီဖြစ်ပြီး စစ်တွေဆေးရုံကို ရောက်တဲ့အချိန်မှာလည်း အခြေအနေဆိုးရွားနေပြီလို့ ဆေးရုံတာဝန်ရှိသူတွေပြောပြချက်ကို မိသားစုဝင်တွေက ပြန်လည်ပြောဆိုပါတယ်။

 

အဲ့ဒီလက်သမားလူငယ် သုံးဦးဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်သူတွေဖြစ်တဲ့အတွက် တပ်မတော်စစ်ကြောင်းက အခုလို ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောကြားပါတယ်။

 

“ကျမသားလေးကို စစ်တပ်က နှိပ်စက်လို့ အခုလို သေဆုံးရတာပါ။ ခဲလုံးတွေကို ပုဆိုးနဲ့ထုတ်ပြီးတော့ ကျောကုန်းတွေနဲ့ ရင်ဘတ်တွေကို ရိုက်တာခံခဲ့ရတယ်။ ခြေထောက်တွေကိုလည်း ရိုက်ချိုးတာခံရတယ်။ ဒူးဆစ်အောက်ဘက်မှာလည်း ဓါးတွေနဲ့ထိုးထားတာတွေ ရှိနေတယ်။ တစ်ကိုယ်လုံး ကြည့်မကောင်းအောင် ဖြစ်နေတာပါ။”လို့ သေဆုံးသူရဲ့အမေဖြစ်သူ ဒေါ်သိန်းနုစိန်က ပြောပါတယ်။

 

သူ့ရဲ့အလောင်းကို ဒီကနေ့ ၁၂ နာရီလောက်မှာ မိသားစုဝင်တွေဟာ စစ်တွေဆေးရုံကနေ မြောက်ဦးမြို့ကို ပြန်လည်သယ်ဆောင်သွားခဲ့ပြီး မြောက်ဦးသုဿန်မှာ မနက်ဖြန် သဂြိုင်္ဟ်မှာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက်မှာ သေဆုံးသူ ၁၄ ဦးထိ ရှိနေပြီဖြစ်ပါတယ်။

 

#voiceofmyanmar # တပ်မတော်ရဲ့ဖမ်းဆီးခြင်းခံထားရ #တစ်ဦးထပ်မံသေဆုံး #ရခိုင် #စစ်တွေ #ဝေသာလီဘုရား #လက်သမား

Related posts

Leave a Comment

VOM News

FREE
VIEW