နေပြည်တော်မှာ တရုတ်နိုင်ငံသား သုံးဦးကို ငါးမန်းဂိမ်း လောင်းကစား စက်တွေနဲ့ ဖမ်းမိ

နေပြည်တော်၊ ဇူလိုင် ၂ – ၂၀၁၉

ကိုထွန်း(VOM)

 

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်မှာ တရုတ်နိုင်ငံသား သုံးဦးကို တရားမဝင်တင်သွင်းလာတဲ့  ငါးမန်းဂိမ်းလောင်းကစားရာမှာ အသုံးပြုတဲ့ စက်အချို့နဲ့ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်က ဖမ်းဆီးရမိတယ်လို့ ဇမ္ဗူသီရိမြို့မရဲစခန်းက သိရပါတယ်။

 

“တရုတ်နိုင်ငံသားတွေ ရောက်နေတယ်။ ဂိမ်းစက်ဖွင့်မယ်ဆိုပြီး သတင်းရလို့ ဝင်ဖမ်းတာပေါ့။ ဒါပေမယ့် စက်တွေမရောက်သေးဘူး။ သူတို့ပြောတာကတော့ ထမင်းဆိုင်ဖွင့်မယ် ပြောတယ်။ ဒါပေမယ့် တရားမဝင်တင်သွင်းလာတဲ့ စက်တွေတွေ့တယ်။ လောလောဆယ်ပို့ကုန်၊ သွင်းကုန်ဥပဒေနဲ့ အမှုဖွင့်ထားတယ်ပေါ့။ ဂိမ်းစက်တွေမပါဘူး။” လို့ မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဇမ္ဗူသီရိမြို့နယ် မဇာဇာ(စိစစ်ဆဲ)ရဲ့နေအိမ်ကို သတင်းအရ ဝင်ရောက် ရှာဖွေရာမှာ တရုတ်နိုင်ငံသား Mr.He Wan Xin (၃၅နှစ်)၊ Mr.Liao Feng (၂၆နှစ်)၊ Mr. Li Kai Feng (၃၆နှစ်) တို့ သုံးဦးကို တရားမဝင် တင်သွင်းလာသော ငါးမန်းဂိမ်းလောင်းကစားရာမှာ အသုံးပြုတဲ့ မော်နီတာ ၅ လုံး၊ UPS ၅ လုံး၊ Control Box ၄ လုံး၊ ဂိမ်းစက် ၅ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

 

စစ်ဆေးချက်အရ အဲဒီတရုတ်နိုင်ငံသားတွေဟာ တရားဝင် ဝင်ရောက်လာတာဖြစ်ပြီး Mr.He Wan Xin ဟာ စားသောက်ဆိုင်ဖွင့်ဖို့အတွက် မန္တလေးကို ရောက်ရှိလာရာကနေ ဆိုင်ဖွင့်ဖို့ အဆင်မပြေတာကြောင့် ဇွန် ၂၀ ရက်မှာ နေပြည်တော်သို့ ရောက်ရှိကာ သူငယ်ချင်းဖြစ်သူ Mr.Liao Feng နဲ့  Mr. Li Kai Feng တို့ ငှားရမ်းနေထိုင်နေတဲ့ သပြေကုန်းရပ်ကွက်နေအိမ်မှာ လိုက်ပါနေထိုင်ကြစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ပါတယ်။

 

လက်ရှိမှာ မဇာဇာ(စုံစမ်းဆဲ)နဲ့ တရုတ်နိုင်ငံသားသုံးဦးကို အမှတ်-၁ ဇမ္ဗူသီရိ မြို့မရဲစခန်းမှာ  (ပ)၁၂၈/၂၀၁၉၊ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar  # နေပြည်တော် #တရုတ်နိုင်ငံသားသုံးဦး #ငါးမန်းဂိမ်းလောင်းကစားစက်တွေနဲ့အတူ ဖမ်းမိ #ဇမ္ဗူသီရိမြို့နယ် #

Related posts

Leave a Comment

VOM News

FREE
VIEW