ဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲကိစ္စ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တာလို့ ရွေးကောက်ပွဲကော်မရှင် ရှင်းလင်း

နေပြည်တော်၊ ဇူလိုင် ၄ – ၂၀၁၉

ကိုထွန်း (VOM)

 

ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အတွက် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်အမတ် ဦးနေမျိုးအောင်ဟာ ကနဦးမဲနိုင်ခဲ့ပေမယ့် ရွေးကောက်ပွဲဥပဒေနဲ့ မညီညွတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့်ဆိုပြီး ဒုတိယ မဲအများဆုံးရခဲ့တဲ့ NLD လွှတ်တော်အမတ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ မဲအနိုင်ပေးခဲ့ပါတယ်။

 

အဲဒီအပေါ်မှာ ဝေဖန်မှုအချို့ရှိခဲ့တာနဲ့ ပတ်သက်ပြီး မိမိတို့ဟာ ဥပဒေနဲ့အညီ ရိုးရှင်းစွာ ဆောင်ရွက်ခဲ့တာသာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဒီနေ့ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

“ကျနော်တို့သည် မှန်မှန်ကန်ကန်ပဲ စစ်ဆေးမယ်ဆိုတဲ့ ဆန္ဒနဲ့ စစ်ဆေးရင်း စစ်ဆေးရင်း အခုသူတို့ရဲ့ ထွက်ချက်၊ ဝန်ခံချက်တွေအရကိုက ထင်ထင်ရှားရှား ပေါ်ပေါက်လာတဲ့အတွက်ကြောင့် စိတ်အင်မတန် သန့်ပါတယ်။ အခု NLD မို့ အနိုင်ပေးလိုက်တာမျိုး လုံးဝ မဟုတ်ပါဘူး။ ဒုတိယသည် တစ်သီးပုဂ္ဂလက ဖြစ်တယ်ဆိုရင်လည်း အဲဒါနိုင်သွားမှာပါ။” လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကာလ မဲဆွယ်လှုပ်ရှားမှုတချို့မှာ ဦးနေမျိုးအောင်အနေနဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေနဲ့ မညီညွတ်တဲ့ ဘာသာရေးကို အခြေခံပြီးမဲဆွယ်စည်းရုံးတာ၊  ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ငွေချေးလုပ်ငန်း လုပ်ကိုင်ခဲ့တာ၊ ရွေးကောက်ပွဲ အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်ခဲ့တာတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အတွက် ဒုတိယမဲအများဆုံးနဲ့ ရှုံးခဲ့တဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၆၆ အရ တရားလိုပြုလုပ် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

 

ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးရာမှာ ဦးနေမျိုးအောင်အနေနဲ့ ဥပဒေနဲ့ ညီညွတ်မှုမရှိတာ မှန်ကန်ကြောင်း ပေါ်ပေါက်ခဲ့တဲ့အတွက် ဒုတိယမဲအများဆုံးဖြစ်တဲ့ NLD ပါတီကိုယ်စားလှယ် ဦးသန်းထိုက်အောင်ကို  အနိုင်ပေးလိုက်တာလို့ ရွေးကောက်ပွဲ ကော်မရှင်က သိရပါတယ်။

 

“တကယ်လို့ အခု ဦးနေမျိုးအောင် ပြုတဲ့ လှုပ်ရှားမှုတွေသည် ပြည်ခိုင်ဖြိုးပါတီ မဟုတ်ဘဲနဲ့ တခြားပါတီ၊ ဘယ်ပါတီကလုပ်လုပ် ဒီလှုပ်ရှားမှုတွေ လုပ်ကိုင်ရင်လည်းပဲ ကျနော်တို့သည် ခွင့်ပြုလို့မရပါ။ ဥပဒေအရကို ခွင့်ပြုလို့ မရပါ။”လို့ ဦးမြင့်နိုင်က ပြောပါတယ်။

 

#voiceofmyanmar # ဦးနေမျိုးအောင်ကိစ္စနဲ့ပတ်သက်လို့ #ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တာ #ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် #ဦးမြင့်နိုင် #ကြားဖြတ်ရွေးကောက်ပွဲ #ရန်ကုန်တိုင်း #ဆိပ်ကမ်းမြို့နယ် #ပြည်ခိုင်ဖြိုးပါတီ #NLD

Related posts

Leave a Comment

VOM News

FREE
VIEW