ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်မြေအောက်ဆေးရုံဟောင်းနယ်မြေ ရှာဖွေတူးဖေါ်မှု ရပ်ဆိုင်းထားရ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အကူအညီလိုအပ်

အင်းတော်၊ ဇူလိုင် ၅ – ၂၀၁၉

ဖြူဖြူ(VOM)

 

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲမှာရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်မြေအောက်ဆေးရုံဟောင်းနယ်မြေဖြစ်တဲ့ ကြာအင်းကုန်းမှာ ဂျပန်ခေတ်လက်ကျန်ပစ္စည်းတွေ ရှာဖွေတူးဖော်မှု ဆက်လက်လုပ်ဆောင်ဖို့ အခက်အခဲရှိနေတာကြောင့် ရပ်နားထားတယ်လို့ သိရပါတယ်။

 

ဒုတိယကမ္ဘာစစ်အတွင်းတုန်းက  ဂျပန်တပ်ဟာ အင်းတော်မြို့မှာ ၂ နှစ် ၇ လ လောက်တပ်စွဲခဲ့ပြီး ကြာအင်းကုန်းမှာ ဂျပန်စစ်ဆေးရုံအဖြစ် အသုံးပြုခဲ့သလို စစ်ပစ္စည်းသိုလှောင်ရေးဌာနအဖြစ်လည်း အသုံးပြုခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ဒါကြောင့် ရှေးဟောင်းဝါသနာရှင်တွေ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက အဲဒီဒေသတဝိုက်မှာ  ရှာဖွေတူးဖော်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

 

တူးဖော်တွေ့ရှိထားတဲ့ ဂျပန်ခေတ် ပစ္စည်းတွေကို အဲ့ဒီနေရာအနီးမှာပဲ “World War II Memorial “ဆိုတဲ့ ပြတိုက် ဖွင့်လှစ်ပြီး ပြသထားပါတယ်။ ကြာအင်းကုန်းနဲ့ အနီးတ၀ိုက်ရွာတွေက ဒေသခံတွေဟာ လွန်ခဲ့တဲ့ နှစ်၂၀ လောက်ကတည်းက ရှာဖွေတွေ့ရှိထားတဲ့ ဂျပန်ခေတ်ပစ္စည်းတွေကို အဲ့ဒီပြတိုက်မှာ လှူဒါန်းတာတွေလည်း ရှိပါတယ်။

 

ပြတိုက်မှာ ဂျပန် စစ်သုံးရေဗူး၊ စစ်သံခမောက်၊ သေနတ်၊ လှံစွတ်၊ ဓား၊ ကျည်ခွံ၊ ဗုံးသီး၊ အမြောက်ဆံ၊ ဓာတ်ငွေ့ကာဗူး၊ ဆေးရုံးသုံးပစ္စည်း၊ ကြွေထည်အပိုင်းအစ၊ တိုက်ပွဲမြေပုံကအစ ဂျပန်ခေတ်လက်ကျန်ပစ္စည်းတွေကို ပြသထားပါတယ်။

 

ဒီပြတိုက်နဲ့ ပြတိုက်အနီးက ဂျပန်တပ်တွေ ပုန်းခိုခဲ့တဲ့ လှိုဏ်ဂူကို  ဒေသခံတွေ၊ ပြည်တွင်းခရီးသွားဧည့်သည်တွေ အပါအ၀င် အနောက်နိုင်ငံသားတွေလည်း လာရောက်လေ့လာမှုတွေ ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် ဂျပန်လူမျိုးတချို့ဟာ ခရီးသွားရင်း ၀င်လေ့လာတာရှိသလို ဆွေမျိုးတော်စပ်တဲ့သူ ပါမပါ လာကြည့်ကြတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

 

ဒါပေမယ့် လက်ရှိမှာတော့ လူအင်အား၊ ငွေအင်အားအခက်အခဲကြောင့် အဲ့ဒီပြတိုက်ကို အမြဲတမ်းဖွင့်လှစ်ထားတာမျိုး မရှိသလို ဆက်လက်တူးဖော်မှုမှာလည်း ငွေကြေးအခက်အခဲ၊ စက်ပစ္စည်းအခက်အခဲကြောင့် ရပ်နားထားရပါတယ်။

 

ကိုယ့်စရိတ်နဲ့ကိုယ် ဝါသနာရှင်တွေ စုပေါင်းတူးဖော်မှုတွေစတင်ခဲ့ပေမယ့် အခုအချိန်မှာ တိုင်းအစိုးရရဲ့ကူညီမှုတွေလည်း လိုအပ်တယ်လို့ တူးဖော်သူအဖွဲ့မှာ ပါဝင်တဲ့ ပြတိုက်တာဝန်ခံ ဦးဘိုဘိုအောင်က ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတော့ အဲဒီပြတိုက်ကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က လာရောက်ကြည့်ရှုတာတွေရှိပြီး ဂျပန်ခေါတ်လက်ကျန်ပစ္စည်းရှာဖွေ တူးဖော်မှုကို အထောက်အပံ့ပြုနိုင်ဖို့ စက်ယန္တရားကို ငှါးပေးနိုင်အောင် ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ လာရောက်ထောက်ပံ့တာ မရှိသေးဘူးလို့ သိရပါတယ်။

 

#voiceofmyanmar # ဒုတိယကမ္ဘာစစ် #ဂျပန်မြေအောက်ဆေးရုံဟောင်းနယ်မြေ #ရှာဖွေတူးဖေါ်မှု ရပ်ဆိုင်းထားရ #အကူအညီလိုအပ် #စစ်ကိုင်း #အင်းတော် #World War II Memorial

Related posts

Leave a Comment

VOM News

FREE
VIEW