ဒေလီ၊ ဇူလိုင်-၁၀-၂၀၁၉
မျိုးဆက် (VOM)
အိန္ဒိယနိုင်ငံ ဥတာပရာဒက်ပြည်နယ် ဘာရာဘန်ကီခရိုင်မှာရှိတဲ့ အစိုးရစာသင်ကျောင်းတွေက ဆရာ၊ ဆရာမတွေဟာ ကျောင်းသားတွေကို စာသင်ဖို့အတွက် စာသင်ကျောင်းကို အချိန်မီရောက်ရှိကြောင်း သက်သေပြဖို့ စာသင်ခန်းအရှေ့မှာ ဆက်ဖီပုံရိုက်ပြီး တင်ရမယ်လို့ ပညာရေးဌာန တာဝန်ရှိသူတွေက သတ်မှတ်လိုက်ပါတယ်။
ဆရာ၊ ဆရာမတွေဟာ စာသင်ကျောင်းကိုရောက်ရှိကြောင်း မနက်ရှစ်နာရီမထိုးခင် ဆက်ဖီဓါတ်ပုံရိုက်ပြီး Basic Shiksha Adhikari (BSA) webpage မှာ ပို့စ်တင်ရမှာဖြစ်တယ်လို့ ခရိုင်ပညာရေး တာဝန်ရှိသူတွေ ကပြောပါတယ်။ သတ်မှတ်အချိန်အတွင်းမှာ ဒီလိုဆက်ဖီဓါတ်ပုံ မတင်နိုင်တဲ့ ဆရာ၊ဆရာမတွေအနေနဲ့ လစာ တစ်ရက်စာဖြတ်ခံရမှာ ဖြစ်ပါတယ်။
ဒီစနစ်ကို နွေရာသီအားလပ်ရက်အတွက် စာသင်ကျောင်းတွေမပိတ်ခင် မေလကတည်းက အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဆက်ဖီဓါတ်ပုံအချိန်မီ မတင်နိုင်လို့ လစာတစ်ရက်စာ အဖြတ်ခံရသူ ၇၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
ဥတာပရာဒက်ပြည်နယ်အတွင်းက ဆရာ၊ ဆရာမတွေဟာ သူတို့ရဲ့ စာသင်ကြားရေးတာဝန်အတွက် အရည်အချင်းမပြည့်မီသူတွေကို ပြန်လည်ငှားရမ်းသင်ကြားခိုင်းတာတွေရှိပြီး လစာတွေကို ကျောင်းအုပ်တွေနဲ့ ပူးပေါင်းခွဲယူနေတာမျိုးတွေ ရှိနေပါတယ်။
ဒီလို လုပ်ဆောင်လိုက်တာကြောင့် စာသင်ကျောင်းကိုမလာဘဲ လစာယူနေတဲ့ ပညာရေးဝန်ထမ်းတွေကို ဖော်ထုတ်ရာမှာ အကူအညီရမှာဖြစ်ကြောင်းနဲ့ ဒီစနစ် အလုပ်ဖြစ်ခဲ့ရင် တခြားခရိုင်တွေမှာလည်း ကျင့်သုံးသွားမယ်လို့ ပညာရေးဌာနက ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ယာဉ်ကြောပိတ်ဆို့တာတွေ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးမရှိတဲ့ ကျေးလက်ဒေသတွေနဲ့ အင်တာနက် မကောင်းတာတွေက ဆက်ဖီပုံရိုက်တင်ဖို့ နောက်ကျစေတဲ့အချက်ဖြစ်ကြောင်းနဲ့ ရထားလမ်းချို့ယွင်း တာကြောင့် ဓါတ်ပုံအချိန်မီမတင်နိုင်လို့ လစာတစ်ရက်စာအဖြတ်ခံလိုက်ရတယ်လို့ အလယ်တန်းပြ ဆရာမတစ်ဦးကတော့ ဆိုပါတယ်။
Ref :Gulf Today
Photo : Getty Images
#voiceofmyanmar #စာသင်ခန်းမှာဆက်ဖီပုံရိုက်မတင်တဲ့ဆရာ၊ဆရာမတွေကိုလစာဖြတ်# အိန္ဒိယ #ဥတာပရာဒက်ပြည်နယ် #ဘာရာဘန်ကီခရိုင် #Basic Shiksha Adhikari (BSA) webpage #ဒေလီ