လက်ပံတန်း၊ ဇူလိုင် ၁၅ – ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ရေငံကျေးရွာအုပ်စုမှာ မိုးရွာသွန်းမှုကြောင့် ရေငံယာယီချောင်းကူးတံတား ရေထဲမျောပါသွားလို့ သွားလာရေးခက်ခဲတဲ့အတွက် ကျေးရွာကျောင်းသားတွေ ကျောင်းမတက်နိုင် ဖြစ်နေတယ်လို့ ဒေသခံအချို့ထံက သိရပါတယ်။
“ကျနော်တို့က ရေငံ-ဆင်တလင်း တံတားကြီးစတည်ဆောက်ကတည်းက ကုမ္ပဏီကိုပြောပါတယ်။ ယာယီတံတားကို ခိုင်ခံ့အောင် ဆောက်ပေးပါဆိုတာကို ကုမ္ပဏီက စေတနာမထားဘူးဗျ၊ ပြီးစလွယ်ဆောက်ပေးတာ။ အခု တစ်မိုးတည်းရှိသေးတယ်၊ တံတားကမျောပါသွားပြီ။ ကျနော်တို့ သားသမီး ကျောင်းသူ၊ ကျောင်းသားတွေက လေးမိုင်အကွာက စီတုံး ကြိုးတံတားက လှည့်သွားနေရတာ။ ကြိုးတံတားကလည်း စိတ်မချရတော့ ကျောင်သား တော်တော်များများ ကျောင်းမတက်ကြဘူး။” လို့ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးအောင်အောင်က ပြောပါတယ်။
ရေငံကျေးရွာအုပ်စုမှာ ကျေးရွာ ၇ ရွာ၊ အိမ်ခြေ ၇ ရာဝန်းကျင်၊ လူဦးရေအားဖြင့် ၅ ထောင်လောက်ရှိပြီး နေ့စဉ် ရေငံချောင်းကူးတံတားကို အသုံးပြုကာ သွားလာနေရတာဖြစ်ပါတယ်။ ဇူလိုင် ၁၃ ရက်မှာတော့ အဲဒီတံတားဟာ တောင်ကျရေနဲ့အတူ ရေထဲမျောပါသွားလို့ ဒေသခံတွေအနေနဲ့ ကျေးရွာနဲ့လေးမိုင်အကွာက စီတုံးကြိုးတံတားကနေ သွားလာနေရတယ်လို့ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ကြူက ရှင်းပြပါတယ်။
“ရေငံယာယီတံတားက မျောပါသွားတော့ သွားလာရေးခက်ခဲတာပေါ့။ ရေငံ-ဆင်တလင်း တံတားကြီးကလည်း ရေငုတ်တိုင်တွေပဲပြီးသေးတယ်။ တော်တော်နဲ့ ပြီးမှာမဟုတ်သေးဘူး။ ယာယီတံတားကို ခိုင်ခိုင်ခံ့ခံ့ ကုမ္ပဏီက ပြန်ဆောက်ပေးစေချင်တယ်။” လို့ ဆိုပါတယ်။
လက်ပံတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်ကလည်း “ကုမ္ပဏီက ဆောက်တဲ့တံတားက ရေလာတဲ့အချိန်မှာ ပြီးမယ်ဆိုပြီး ခပ်ပေါ့ပေါ့ လုပ်နေတာ။ တံတားကပြီးမှ မပြီးတာ မိုးများတာလည်း ပါတာပေါ့။ တင်ဒါနောက်ကျတာလည်း ပါပါတယ်။ တံတားအသစ်မပြီးခင်တော့ ပြည်သူတွေ ခက်ခဲတာပေါ့။” လို့ ဆိုပါတယ်။
ဒီနေ့မှာတော့ ရေငံ-ဆင်တလင်းတံတားကြီးကို တင်ဒါယူထားတဲ့ IDEOC ကုမ္ပဏီကို ယာယီတံတားပြန်ဆောက်ပေးဖို့ ပြောဆိုထားပါတယ်လို့ သိရပါတယ်။ အလားတူပဲ လက်ပံတန်းမြို့နယ်အတွင်းက ကျွန်းကလေးတံတားမှာလည်း ပျက်စီးနေလို့ ဒေသခံတွေ သွားလာရေးခက်ခဲနေတယ်လို့လည်း သိရပါတယ်။
ကျွန်းကလေးတံတားနဲ့ ရေငံယာယီချောင်းကူးတံတား မိုးများလို့် ပျက်စီးသွားတာနဲ့ပတ်သက်ပြီး လက်ပံတန်းမြို့နယ် လမ်းဦးစီး ဒေါ်ဥမ္မာခင်က “ကျွန်းကလေးတံတားကတော့ အန္တရာယ်များလို့ ပြန်မဆောက်တော့ပါဘူး။ ကြေးနီဘက်ကသွားဖို့ လုပ်ပေးနေပါတယ်။ ရေငံချောင်းကူးတံတားကတော့ လောလောဆယ် မိုးများနေလို့ ပြန်မဆောက်ရသေးပါဘူး။ ရေကျတာနဲ့ ပြန်ဆောက်ပေးမှာပါ။ လက်ရှိဆောက်ပေးနေတဲ့ တံတားတွေကတော့ ၉ လပိုင်း အပြီးဆောက်ပေးရမှာပါ။” လို့ ပြောပါတယ်။
#voiceofmyanmar #ပဲခူး #သာယာဝတီ #လက်ပံတန်း #ရေငံ #ယာယီချောင်းကူးတံတားရေထဲပါ #ကျောင်းသားတွေကျောင်းမတက်နိုင်