ရေငံ ယာယီ​ချောင်းကူးတံတား ရေထဲ​ပါသွားလို့ ​ဒေသခံ​တွေနဲ့​ကျောင်းသား​တွေ သွားလာ​ရေးခက်​ခဲ၊ ကျောင်းမတက်​နိုင်

လက်​ပံတန်း၊ ဇူလိုင်​ ၁၅ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း သာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​ ​ရေငံ​ကျေးရွာအုပ်​စုမှာ မိုးရွာသွန်းမှုကြောင့် ​ရေငံယာယီ​ချောင်းကူးတံတား ရေထဲမျောပါသွားလို့ သွားလာ​ရေးခက်​ခဲတဲ့အတွက် ကျေးရွာကျောင်းသားတွေ ​ကျောင်းမတက်​နိုင်​ ဖြစ်​​နေတယ်​လို့​ ဒေသခံအချို့ထံက သိရပါတယ်​။

 

“ကျ​နော်​တို့က ​ရေငံ-ဆင်တလင်း တံတားကြီးစတည်​​ဆောက်​ကတည်းက ကုမ္ပဏီကို​ပြောပါတယ်​။ ယာယီတံတားကို ခိုင်​ခံ့​အောင်​ ​ဆောက်​​ပေးပါဆိုတာကို ​ကုမ္ပဏီက ​စေတနာမထားဘူးဗျ၊ ပြီးစလွယ်​​ဆောက်​​ပေးတာ။ အခု တစ်​မိုးတည်းရှိ​သေးတယ်​၊ တံတားက​မျောပါသွားပြီ။ ကျ​နော်​တို့ ​သားသမီး ​ကျောင်းသူ​၊ ကျောင်းသား​တွေက ​လေးမိုင်​​အကွာက စီတုံး ကြိုးတံတားက လှည့်​သွား​နေရတာ။ ကြိုးတံတားကလည်း စိတ်​မချရ​တော့ ​ကျောင်​သား တော်​​တော်​များများ ​ကျောင်းမတက်​ကြဘူး။” လို့ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးအောင်အောင်က ပြောပါတယ်။

 

ရေငံ​ကျေးရွာအုပ်​စုမှာ ကျေးရွာ ၇ ရွာ၊ အိမ်​​ခြေ ၇ ရာဝန်းကျင်​၊ လူ​ဦးရေအားဖြင့် ၅​ ထောင်​​လောက်​ရှိပြီး ​နေ့စဉ်​ ​ရေငံ​ချောင်းကူးတံတားကို အသုံးပြုကာ သွားလာနေရတာဖြစ်ပါတယ်။ ဇူလိုင် ၁၃ ရက်မှာတော့ အဲဒီတံတားဟာ ​တောင်​ကျ​ရေနဲ့အတူ ​ရေထဲ​မျောပါသွားလို့ ​ဒေသခံ​တွေအနေနဲ့ ကျေးရွာနဲ့​လေးမိုင်​အကွာက စီတုံးကြိုးတံတားကနေ သွား​လာနေရ​တယ်လို့ အုပ်စု အုပ်​ချုပ်​​ရေးမှူး ဦးမြင့်​ကြူက ရှင်းပြပါတယ်​။

 

“ရေငံယာယီတံတားက ​မျောပါသွား​တော့ သွားလာ​ရေးခက်​ခဲတာ​ပေါ့။ ​ရေငံ-ဆင်တလင်း တံတားကြီးကလည်း ​ရေငုတ်​တိုင်​​တွေပဲပြီး​သေးတယ်​။ ​တော်​​တော်​နဲ့ ပြီးမှာမဟုတ်​​သေးဘူး။ ယာယီတံတားကို ခိုင်​ခိုင်​ခံ့ခံ့ ကုမ္ပဏီက ပြန်​​ဆောက်​​ပေး​စေချင်​တယ်​။” လို့ ဆိုပါတယ်။

 

လက်ပံတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်ကလည်း “ကုမ္ပဏီက ဆောက်တဲ့တံတားက ရေလာတဲ့အချိန်မှာ ပြီးမယ်ဆိုပြီး ခပ်ပေါ့ပေါ့ လုပ်နေတာ။ တံတားကပြီးမှ မပြီးတာ မိုးများတာလည်း ပါတာပေါ့။ တင်ဒါနောက်ကျတာလည်း ပါပါတယ်။ တံတားအသစ်မပြီးခင်တော့ ပြည်သူတွေ ခက်ခဲတာပေါ့။” လို့ ဆိုပါတယ်။

 

ဒီ​နေ့​မှာတော့ ရေငံ-ဆင်တလင်းတံတားကြီးကို တင်ဒါယူထားတဲ့ ​ IDEOC ကုမ္ပဏီကို​ ယာယီတံတားပြန်ဆောက်ပေးဖို့ ပြောဆိုထားပါတယ်​လို့ သိရပါတယ်​။ အလားတူပဲ လက်ပံတန်းမြို့နယ်အတွင်းက ကျွန်းကလေးတံတားမှာလည်း ပျက်စီးနေလို့ ဒေသခံတွေ သွားလာရေးခက်ခဲနေတယ်လို့လည်း သိရပါတယ်။

 

ကျွန်းက​လေးတံတားနဲ့ ရေငံယာယီ​ချောင်းကူးတံတား မိုးများလို့်​ ပျက်​စီးသွားတာနဲ့ပတ်​သက်​ပြီး လက်ပံတန်းမြို့နယ် လမ်းဦးစီး ဒေါ်ဥမ္မာခင်က “ကျွန်းကလေးတံတားကတော့ အန္တရာယ်များလို့ ပြန်မဆောက်တော့ပါဘူး။ ကြေးနီဘက်ကသွားဖို့ လုပ်ပေးနေပါတယ်။ ရေငံ​ချောင်းကူးတံတားက​တော့ ​လော​လောဆယ်​ မိုးများ​နေလို့ ပြန်​မ​ဆောက်​ရ​သေးပါဘူး။ ရေကျတာနဲ့ ပြန်​​ဆောက်​​ပေးမှာပါ။ လက်​ရှိ​ဆောက်​​ပေး​နေတဲ့ တံတား​တွေကတော့ ၉ လပိုင်း အပြီး​ဆောက်​​ပေးရမှာပါ။” လို့ ​ ပြောပါတယ်​။

 

#voiceofmyanmar #ပဲခူး #သာယာဝတီ #လက်ပံတန်း #ရေငံ #ယာယီချောင်းကူးတံတားရေထဲပါ #ကျောင်းသားတွေကျောင်းမတက်နိုင်

Related posts

Leave a Comment

VOM News

FREE
VIEW