ပဲခူး၊ ဇူလိုင် ၂၅- ၂၀၁၉
မိုးယံ(VOM)
ပဲခူးပြည်သူ့ဆေးရုံကြီးမှာ H1N1 ရောဂါ လူနာတစ်ဦးစတင်တွေ့ရှိတဲ့အတွက် အထူးကြပ်မတ်ကုသပေးနေတယ်လို့ ဇူလိုင် ၂၄ ရက် နေ့လည် ၁ နာရီက ကျင်းပတဲ့ ရာသီတုပ်ကွေးရောဂါ ကုသရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကနေ သိရပါတယ်။
“လူနာက ကျောက်တံခါးမြို့နယ် မြို့ချောင်းအုပ်စု ထန်းတပင်ကျေးရွာက အသက်၂၆ နှစ်ရှိ အမျိုးသားတစ်ဦး ပါ။ လူနာကို စနစ်တကျကုနေတယ်၊ ရိုးရိုးလူနာတွေနဲ့ မထားဘဲ သီးသန့်အခန်းနဲ့ထားပြီး စောင့်ရှောက်နေတယ်။ အထူးကုဆရာဝန်ကြီးတွေ၊ သူနာပြုတွေ အဖွဲ့လိုက် ကုသနေပြီးတော့ လက်ရှိကတော့ စိုးရိမ်နေရပါတယ်။” လို့ ပဲခူးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။
H1N1 ရောဂါဟာ ချောင်းဆိုး၊ နှာချေရာကနေ လေထဲက ကူးစက်နိုင်တဲ့အတွက် ရောဂါမကူးစက်အောင် ချောင်းဆိုးရင် လက်ကိုင်ပုဝါအသုံးပြုဖို့၊ သူတပါးက ချောင်းဆိုးရင်လည်း အနည်းဆုံးလက်နဲ့အုပ်ထားဖို့၊ ရောဂါပိုးပါတဲ့ အမှုန်အမွှားတွေ ကိုင်မိနိုင်တဲ့အတွက် လက်ကို စင်ကြယ်စွာစနစ်တကျဆေးကြောဖို့ ဆရာဝန်ကြီးက တိုက်တွန်းပါတယ်။ ဒါ့အပြင် H1N1 ဟာလေထဲက ကူးစက်နိုင်တာကြောင့် မလိုအပ်ဘဲလူနာမေး မလာဖို့နဲ့ လူနာစောင့်အများကြီးမလာဖို့ကိုလည်း စည်းကမ်းတင်းကျပ်ထားတယ်လို့ ဆိုပါတယ်။
အခုနှစ် ပဲခူးတိုင်းမှာ ဇူလိုင်လအထိ H1N1ရောဂါ ဖြစ်ပွားသူ ၁၁ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိပြီလို့ ပဲခူးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ကတော့ H1N1 နဲ့သေဆုံးသူ ၇၀ ဦးကျော်ပြီလို့ သိရပါတယ်။
#voiceofmyanmar #ပဲခူး #ပြည်သူ့ဆေးရုံ #H1N1 လူနာတစ်ဦး စတင်တွေ့ရှိ