သရေခေတ္တရာရှေးဟောင်းဇုံမှာ မိုးများလို့ မြို့ရိုးဟောင်းအပိုင်းအစတွေ ပြိုကျ

ပြည် ဇူလိုင်၃၀-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

ပဲခူးတိုင်းပြည်မြို့မှာရှိတဲ့ကမ္ကာ့အမွေအနှစ်စာရင်းဝင် သခေတ္တရာပျူမြို့ဟောင်းအတွင်းက မြို့ရိုးအပိုင်းအစတခုဟာ မိုးသည်းစွာရွာလို့ ဇူလိုင်၃၀မနက်ကပြိုကျသွားတယ်လို့သတင်းရရှိပါတယ်။

 

ဒီမြို့ရိုးဟောင်းဟာ အရှေ့ဘက်နန်းမြို့ရိုး ဖြစ်ပြီးပေသုံးဆယ်ခန့် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်းကို ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ကာ့အမွေအနှစ် ဌာနခွဲ သရေခေတ္တရာဌာနစုက သိရတာဖြစ်ပါတယ်။

 

“မနေ့က မိုးတအားရွာတယ် တစ်ညလုံးရွာတယ် ဒီရှေးဟောင်းဇုံထဲမှာလည်းရွာတယ်။ အဲလိုရွာတဲ့အခါမှာ မနက် လေးနာရီနဲ့ ငါးနာရီကြားမှာ အရှေ့ဘက်နန်းမြို့ရိုး ပေသုံးဆယ်လောက် ကွာကျသွားတယ်။ မကွာခင်မှာလည်း ဒါကြီးက ဖောင်းနေတယ် ဒီဟာကိုလည်း ထိန်းသိမ်းဖို့ ဘတ်ဂျက် တင်တောင်းထားတာ ရှိပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက တောင်းထားတာပေါ့နော်။ ဘတ်ဂျက်က မကျသေးဘူး မကျသေးခင်မှာလည်း ဒီလိုဖြစ်သွားတာပါ”လို့ကမ္ကာ့အမွေအနှစ် ဌာနခွဲ သရေခေတ္တရာဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကပြောပြပါတယ်။

 

 

ဒီမြို့ရိုးဟာအရှေ့ဘက်နန်မြို့ရိုးမှာ အမြင့် ၇ ပေခန့်မြင့်မားပြီး အရှည်ပေ ၅၀၀ခန့်ရှိကြောင်းနဲ့ယခုမိုးရာသီတွင် ထပ်မံ၍ မိုးရက်ဆက်ရွာသွန်းရင် ဒါမှမဟုတ် မိုးကြီးခြင်းများဖြစ်လာပါက ထပ်မံပြိုကျဖွယ်ရှိသည့်နေရာများလည်း ရှိနေသေးကြောင်း သိရပါတယ်။

 

“ဒီမြို့ရိုးဘေးမှာ ကားလမ်းရှိနေတာ။ ဒီကားလမ်းကလည်း ဒီလိုပဲရှိနေဦးမယ်ဆိုရင် ထပ်ဖြစ်ဦးမှာပဲ။ ဘတ်ဂျက်မကျပဲ ထိန်းသိမ်းနိုင်ခြင်း မရှိရင်တော့ ဒီလိုမျိုးဆက်ဖြစ်စရာတွေရှိတယ်။ ဆက်ပြိုတော့မယ် အနေထားလည်းရှိတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒီလမ်းကိုလွှဲလို့ရရင် လွှဲပေးစေချင်တယ်။ ရည်ရှည်တည်တန့်ခိုင်မြဲဖို့ သူနဲ့ဝေးတဲ့နေရာ တုန်ခါမှုမရှိနိုင်တဲ့ နေရာလောက်ကနေ လမ်တွေဖြစ်စေချင်တယ်။ အချိန်မှီ ထိန်းသိမ်းနိုင်အောင် သူ့ထက်ဆိုးတဲ့ အခြေအနေမဖြစ်အောင် ကြိုတင်ကာပြီးတော့ ကာကွယ်စရာရှိတာ ကာကွယ် ထိန်းသိမ်းစရာရှိတာ ထိန်းသိမ်းဖို့ လိုအပ်တယ်”လို့ ဒေသခံဖြစ်တဲ့မှော်ဇာကျေးရွာက ကိုသန်းထိုက်အောင်က ပြောပါတယ်

 

သရေခေတ္တရာမြို့ဟောင်းဟာ၂၀၁၄ခုနှစ်ကကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်ယူနက်စကိုကသတ်မှတ်ခြင်းခံရပြီး ပြည်မြို့ တောင်ဘက် ငါးမိုင်ခန့်အကွာမှာတည်ရှိပါတယ်။ အေဒီ (၄) ရာစုမှ အေဒီ(၉) ရာစုအတွင်းထွန်းကားခဲ့တဲ့ ရှေးပျူမြို့ဟောင်းတစ်မြို့ဖြစ်ကာ မြို့ရိုးဟာ (၈) မိုင် (၅) ဖာလုံရှိပြီး ဇုံဧရိယာအကျယ်အ၀န်းအားဖြင့် (၅.၅)စတုရန်းမိုင် ကျယ်ဝန်းတယ်လို့မှတ်တမ်းတွေ့ရပါတယ်။

 

#voiceofmyanmar #ပြည် #သရေခေတ္တရာ

Related posts

Leave a Comment

VOM News

FREE
VIEW