ပေါင်၊ သြဂုတ် ၁၂ – ၂၀၁၉
မိုးယံ( VOM)
မွန်ပြည်နယ် ပေါင်မြို့နယ် ကျွဲခြံကျေးရွာဘက်မှာ တောင်ထပ်ပြိုနိုင်တဲ့ အန္တရာယ်ရှိအနေအထားဖြစ်တာကြောင့် ဒေသခံတွေကို အမိန့်နဲ့ပြောင်းရွှေ့ခိုင်းပေမယ့် ပြောင်းရွှေ့မှုမရှိဘူးလို့ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
“အန္တရာယ်ရှိတဲ့အနေအထားဖြစ်နေလို့ ကျမတို့က ဒေသခံတွေကို ပြောင်းခိုင်းတာ၊ မပြောင်းကြဘူး။ အမိန့်နဲ့ပြောင်းခိုင်းတယ်၊ ပြောင်းဖို့အကုန်လုပ်ပေးတယ်။ အုပ်ချုပ်ရေးမှူးတွေကို ပြောင်းရွှေ့ခိုင်းတာသိကြောင်း လက်မှတ်ထိုးခိုင်းတယ်၊ အတင်းလည်း ပြောင်းခိုင်းတယ်၊ သင့်တော်ရာကိုလည်း ရွှေ့ခိုင်းတယ်။ အဲ့ဒါကို ညကျ သူတို့သဘောနဲ့သူတို့ပြန်လာအိပ်ကျတယ်။” လို့ ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
မွန်ပြည်နယ်မှာ သြဂုတ် ၉ ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် သဲဖြူကုန်းကျေးရွာအုပ်စုရှိ မလတ်တောင်ပြိုကျခဲ့တာကြောင့် လူနေအိမ်တွေပျက်စီးပြီး သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဒီနေ့အချိန်အထိ ရှာဖွေကယ်ဆယ်ရေးတွေလည်း ဆောင်ရွက်နေရဆဲ အခြေအနေဖြစ်ပါတယ်။
ရှာဖွယ်ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး မိုးစေတနာပရဟိတအသင်းက ကိုဇာနည်က “အခုမနက်ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်တာ အခုအချိန်အထိ သေဆုံးသူ အမျိုးသားနှစ်ယောက်၊ ကလေးတစ်ယောက်၊ အမျိုးသမီးတစ်ယောက် ထပ်တွေ့ထားပြီဆိုတော့ အားလုံး ၅၇ ယောက်ရှိပြီ။” လို့ ပြောပါတယ်။
မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ တပ်မတော်သားတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေဟာ ဒီနေ့ သြဂုတ် ၁၂ ရက်အထိ စက်ယန္တယားတွေနဲ့ ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်နေကြတာပါ။ လက်ရှိအချိန်အထိ အသက်ရှင်ကျန်ပြီး ဒဏ်ရာရသူ ၄၇ ဦးကို ကုသမှုတွေ လုပ်ဆောင်ပေးထားပါတယ်။
မြေပြိုမှု ဖြစ်ခဲ့တဲ့ သဲဖြူကုန်းကျေးရွာအုပ်စုနဲ့ ကျွဲခြံကျေးရွာဟာ ၁၀ မိုင်လောက်ဝေးပြီး မြေပြိုမှုတွေ ထပ်ဖြစ်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ သုံးသပ်ထားတာပါ။ အဲဒီနေရာမှာ အိမ်ထောင်စု ၁၂ စု နေထိုင်တယ်လို့ သိရပါတယ်။
“မြန်မာလူမျိုးတွေရဲ့ထုံးစံအတိုင်း အိမ်ကိုခင်တွယ်တာပါ။ တခြားမှာနေရမဲ့အစား ကိုယ့်အိမ်မှာပဲ နေချင်ကြတာ။ ကယ်ဆယ်ရေးစခန်းတွေမှာ ဒုက္ခသည်လိုမနေချင်ကြဘူး။ သူတို့နေရမယ်ဆိုရင် ဆွေမျိုးအိမ်တွေမှာ နေကြတယ်၊ အိုးအိမ် စိတ်မချကြဘူး။ ကျနော်တို့က ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေ စာသင်ကျောင်းတွေမှာ စီစဉ်ပေးတာကို သူတို့က လုံးဝငြင်းပါတယ်။” လို့ ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောပါတယ်။
မြေပြိုမှုဖြစ်ခဲ့တဲ့ ဧရိယာတဝိုက်ကို ဗဟိုမီးသတ်ကနေ ဒရုန်းနဲ့ရိုက်ကြည့်တဲ့အခါ သဲဖြူကုန်း တောင်ပေါ်မှာ ရေစီးကြောင်းတစ်ကြောင်းတွေ့ရတဲ့အတွက် ကျွဲခြံကျေးရွာဘက်မှာ အန္တရယ်ရှိနိုင်တာကြောင့် ဒေသခံတွေကို ပြောင်းရွှေ့ဖို့ တိုက်တွန်းရတာလို့ သိရပါတယ်။ ဒါပေမယ့် တိတိကျကျ အတည်ပြု ပြောဆိုနိုင်ဖို့အတွက်ကိုတော့ ဘူမိဗေဒပညာရှင်တွေနဲ့ စမ်းသပ်ဆောင်ရွက်ဖို့ နိုင်ငံတော် ဒုသမ္မတက ပြောဆိုသွားတယ်လို့ ဦးဇော်ဇော်ထူးက ဆိုပါတယ်။
ဓါတ်ပုံ – Zar Ni
#voiceofmyanmar #ပေါင် #မြေပြိုမှု