ပေါင်​​ မြေပြိုမှုဧရိယာမှာ ​​တောင်​ထပ်​ပြိုနိုင်လို့ အမိန့်​နဲ့​ပြောင်းခိုင်းပေမယ့်​ ဒေသခံတွေ မ​ပြောင်းရွှေ့ချင်

ပေါင်၊​ သြဂုတ်​ ၁၂ – ၂၀၁၉

မိုးယံ( VOM)

 

မွန်​ပြည်​နယ်​ ​ပေါင်​မြို့နယ်​ ကျွဲခြံ​ကျေးရွာဘက်မှာ တောင်​ထပ်​ပြိုနိုင်​တဲ့ အန္တရာယ်​ရှိအ​နေအထား​ဖြစ်တာကြောင့်​ ​ဒေသခံ​တွေကို အမိန့်​နဲ့​ပြောင်း​ရွှေ့ခိုင်းပေ​မယ့်​ ​ပြောင်း​ရွှေ့မှုမရှိဘူးလို့ မွန်​ပြည်​နယ်​ လွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါ်ခိုင်​ခိုင်​လဲ့က ​ပြောပါတယ်​။

 

“အန္တရာယ်​ရှိတဲ့အ​နေအထားဖြစ်​​နေလို့ ကျမတို့က ​ဒေသခံ​တွေကို ​ပြောင်းခိုင်းတာ၊ မ​ပြောင်းကြဘူး။ အမိန့်​နဲ့​ပြောင်းခိုင်းတယ်​၊ ​ပြောင်းဖို့အကုန်​လုပ်​​ပေးတယ်​။ အုပ်​ချုပ်​​ရေးမှူး​တွေကို​ ပြောင်း​ရွှေ့ခိုင်းတာသိ​ကြောင်း လက်​မှတ်​ထိုးခိုင်းတယ်၊​ အတင်းလည်း ​ပြောင်းခိုင်းတယ်​၊ သင့်​​တော်​ရာကိုလည်း ​ရွှေ့ခိုင်းတယ်။ အဲ့ဒါကို ညကျ သူတို့သ​ဘောနဲ့သူတို့ပြန်​လာအိပ်​ကျတယ်​။” လို့ ​ဒေါ်ခိုင်​ခိုင်​လဲ့က ​ပြောပါတယ်​။

 

မွန်ပြည်နယ်မှာ သြဂုတ် ၉ ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် သဲဖြူကုန်းကျေးရွာအုပ်စုရှိ မလတ်တောင်ပြိုကျခဲ့တာကြောင့် လူနေအိမ်တွေပျက်စီးပြီး သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဒီနေ့အချိန်အထိ ရှာဖွေကယ်ဆယ်ရေးတွေလည်း ဆောင်ရွက်နေရဆဲ အခြေအနေဖြစ်ပါတယ်။

 

ရှာဖွယ်ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး မိုးစေတနာပရဟိတအသင်းက ကိုဇာနည်က “အခုမနက်​ရှာ​ဖွေကယ်​ဆယ်​ရေး ဆက်​လုပ်​တာ အခုအချိန်​အထိ​ သေဆုံးသူ အမျိုးသားနှစ်​​ယောက်​၊ က​လေးတစ်​​ယောက်​၊ အမျိုးသမီးတစ်​​ယောက်​ ​ထပ်တွေ့ထားပြီဆိုတော့ အားလုံး ၅၇​ ယောက်​ရှိပြီ။” လို့ ပြောပါတယ်​။

 

မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ တပ်မတော်သားတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေဟာ ဒီနေ့ သြဂုတ် ၁၂ ရက်အထိ စက်ယန္တယားတွေနဲ့ ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်နေကြတာပါ။ လက်ရှိအချိန်အထိ အသက်ရှင်ကျန်ပြီး ဒဏ်ရာရသူ ၄၇ ဦးကို ကုသမှုတွေ လုပ်ဆောင်ပေးထားပါတယ်။

 

မြေပြိုမှု ဖြစ်ခဲ့တဲ့ သဲဖြူကုန်းကျေးရွာအုပ်စုနဲ့ ကျွဲခြံကျေးရွာဟာ ၁၀ မိုင်လောက်ဝေးပြီး မြေပြိုမှုတွေ ထပ်ဖြစ်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ သုံးသပ်ထားတာပါ။ အဲဒီနေရာမှာ အိမ်ထောင်စု ၁၂ စု နေထိုင်တယ်လို့ သိရပါတယ်။

 

“မြန်မာလူမျိုးတွေရဲ့ထုံးစံအတိုင်း အိမ်ကိုခင်တွယ်တာပါ။ တခြားမှာနေရမဲ့အစား ကိုယ့်အိမ်မှာပဲ နေချင်ကြတာ။ ကယ်ဆယ်ရေးစခန်းတွေမှာ ဒုက္ခသည်လိုမနေချင်ကြဘူး။ သူတို့နေရမယ်ဆိုရင် ဆွေမျိုးအိမ်တွေမှာ နေကြတယ်၊ အိုးအိမ် စိတ်မချကြဘူး။ ကျနော်တို့က ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေ စာသင်ကျောင်းတွေမှာ စီစဉ်ပေးတာကို သူတို့က လုံးဝငြင်းပါတယ်။” လို့ ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောပါတယ်။

 

မြေပြိုမှုဖြစ်ခဲ့တဲ့ ဧရိယာတဝိုက်ကို ဗဟိုမီးသတ်ကနေ ဒရုန်းနဲ့ရိုက်ကြည့်တဲ့အခါ သဲဖြူကုန်း တောင်ပေါ်မှာ ရေစီးကြောင်းတစ်ကြောင်းတွေ့ရတဲ့အတွက် ကျွဲခြံကျေးရွာဘက်မှာ အန္တရယ်ရှိနိုင်တာကြောင့် ဒေသခံတွေကို ပြောင်းရွှေ့ဖို့ တိုက်တွန်းရတာလို့ သိရပါတယ်။ ဒါပေမယ့် တိတိကျကျ အတည်ပြု ပြောဆိုနိုင်ဖို့အတွက်ကိုတော့ ဘူမိဗေဒပညာရှင်တွေနဲ့ စမ်းသပ်ဆောင်ရွက်ဖို့ နိုင်ငံတော် ဒုသမ္မတက ပြောဆိုသွားတယ်လို့ ဦးဇော်ဇော်ထူးက ဆိုပါတယ်။

 

ဓါတ်ပုံ – Zar Ni

#voiceofmyanmar  #ပေါင် #မြေပြိုမှု

Related posts

Leave a Comment

VOM News

FREE
VIEW