အောက်တိုဘာ ၄ – ၂၀၂၆
SS (VOM)
လာမယ့် သီတင်းကျွတ်ပွဲတော် ကာလမှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း မီးပုံးပျံ အလုံးရေ သုံးသောင်း လွှတ်တင်မယ့် အစီအစဉ်နဲ့ပတ်သက်လို့ မီးဘေးအန္တရာယ် ရှိနိုင်လာနိုင်တဲ့အတွက် ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ ဒေသခံတွေကြား ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
ပုဂံဒေသဟာ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသဖြစ်ပြီး ရာစုနှစ်ချီ သက်တမ်းရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေနဲ့ နံရံဆေးရေးပန်းချီတွေ တည်ရှိရာနေရာ ဖြစ်ကာ မီးပုံးပျံတွေ စေတီပုထိုးတွေပေါ် ကျရောက်ပါက အစားထိုးမရတဲ့ ရှေးဟောင်းအမွေအနှစ်တွေ မီးလောင် ပျက်စီးနိုင်ခြေ ရှိနေတယ်လို့ ရှေး/သု ပညာရှင်တွေက ပြောပါတယ်။
“အစမ်းလွှတ်ကြည့်ကြစဉ်မှာပဲ အောက်တိုဘာ ၁ ရက်နေ့ည၊ မြင်းကပါရွာထဲက အိမ်ပေါ်ကျတယ်လို့ တွေ့ရတယ်။ ရန်သူမျိုးငါးပါးထဲမှာ တပါးအပါအဝင်ဖြစ်တဲ့ မီးနဲ့မှ အမွေအနှစ်ဒေသကို အလှဆင်ချင်သူတွေ၊ ပျော်ရွှင်ချင်သူတွေ၊ ငွေရှာချင်သူတွေကြောင့် အမွေအနှစ်ရော၊ လူတွေပါ ထိခိုက်ပျက်စီးနိုင်တဲ့၊ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို လွယ်ကူစွာ တွေးဆနိုင်ပါတယ်” လို့ ရှေး/သု ပညာရှင်တယောက်က အသိပေးထားပါတယ်။
Outstanding Universal Value ရှိကြောင်း ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ပုဂံယဉ်ကျေးမှု လွင်ပြင်ကြီးမှာ မြန်မာနိုင်ငံရဲ့ မူလအစ စေတီပုထိုး ဘုရားကျောင်းကန်တွေ၊ မြေပေါ်၊ မြေအောက် အမွေအနှစ်တွေအပြင် သစ်သား၊ ဝါး၊ ကျူထရံ အဆောက်အအုံတွေ၊ သစ်ပင်တွေ၊ ကောက်ပဲသီးနှံတွေ၊ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ လောင်စာဆီတွေ တစုတဝေးတည်းရှိနေတယ်လို့ သူက ပြောပါတယ်။
“အရေး ပေါ်လာရင် မီးသတ်ကားတောင် မဝင်နိုင်တဲ့ နေရာများစွာ ရှိနေတာကို ကိုယ်ပိုင်မျက်စိ၊ ကိုယ်ပိုင် အသိဉာဏ်နဲ့ မြင်နိုင်ကြပါစေ” လို့ သူက ပြောပါတယ်။
ဒေသခံတွေကတော့ အိုးအိမ်နဲ့ သီးနှံစိုက်ခင်းတွေ အန္တရာယ်ရှိလာမှာကို စိုးရိမ်နေကြပြီး လူနေအိမ်ခြေတွေ၊ ဓနိမိုးထရံကာ အဆောက်အအုံတွေနဲ့ ခြောက်သွေ့နေတဲ့ စိုက်ခင်းတွေပေါ် မီးပုံးပျံတွေ ကျရောက်ပါက မီးကူးစက် လောင်ကျွမ်းမှုတွေ ဖြစ်ပွားနိုင်တယ်လို့ ပြောဆိုကြပါတယ်။
“ပုဂံမှာ ရှေးဘုန်းကြီးကျောင်းတွေလည်း အများကြီး ရှိနေတာ။ ဒီအစီအစဉ်ကြီးက တော်တော်ကို စိုးရိမ်စရာ ကောင်းနေတယ်။ အိမ်တွေပေါ်ကျလာမှာကိုလည်း စိုးရိမ်ရတယ်။ သီတင်းကျွတ်ပွဲတော်အတွက် မီးပုံးပျံမဟုတ်လည်း ဆီမီး ပူဇော်တယ်ဆိုလည်း လှနေမှာပါပဲ။ အမွေအနှစ် ဒေသတခုအတွက် ဘေးကင်း လုံခြုံမှုဖြစ်ဖို့က အဓိကပါ။ ဒါကို ဦးစားပေးပြီး စဉ်းစားသင့်တယ်။ အင်းလေးမှာဆိုလည်း မီးပုံးပျံတွေကြောင့် နေအိမ်တွေ၊ ဟိုတယ်တွေ မီးလောင်ပျက်စီးခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့တယ် ဆိုတော့ ဒါကို အဖက်ဖက်ကနေ ပြန်စဉ်းစားသင့်တယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဒါအပြင် သီတင်းကျွတ်ကာလဟာ ရာသီဥတု အကူးအပြောင်းကာ ဖြစ်တဲ့အတွက် လေဦးတည်ချက် ရုတ်တရက်ပြောင်းလဲခြင်း (ဒါမှမဟုတ်) လေပြင်းတိုက်ခတ်ခြင်းတွေ ရှိလာပါက မီးပုံးပျံတွေ မည်သည့်နေရာကို ကျရောက်နိုင်တယ် ဆိုတာကို ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။
အခုလို မီးပုံးပျံ သုံးသောင်း လွှတ်တင်မယ့်အစီအစဉ်ကို “မဟာသီယံ” ရိုးရာထိန်းသိမ်းမှုအဖွဲ့နဲ့ ဌာနဆိုင်ရာတွေ၊ ပုဂံဒေသက တာဝန်ရှိသူတွေ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး အဲဒီအဖွဲ့ဟာ ပုဂံဒေသမှာ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းက လမ်းလျှောက်သင်္ကြန် ပြုလုပ်သွားတဲ့အဖွဲ့လို့ သိရပါတယ်။
မီးပုံးပျံလွှတ်တင်ရာမှာ ပလတ်စတစ်၊ စက္ကူနဲ့ ပြုလုပ်ထားတဲ့ မီးပုံးပျံတွေကို အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရားနဲ့ Sunset ကုန်းတို့မှာ နေရာသုံးနေရာခွဲပြီး အောက်တိုဘာ ၂၅ ၊ ၂၆ ၊ ၂၇ ရက်နေ့တွေမှာ တရက်ကို အလုံးရေ တသောင်းနှုန်း လွှတ်တင်သွားမှာဖြစ်ကာ လက်ရှိမှာ ကြိုတင်စမ်းသပ်မှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါအပြင် မီးပုံးပျံတွေမှာ ငွေပဒေသာပင် ချိတ်ဆွဲကာ ပံ့သကူပစ်ပြီး ကုသိုလ်ပြုတဲ့ အစီအစဉ်၊ အညာဒေသထွက် အစားအစာတွေကို နွားလှည်းပေါ်မှာ ရောင်းချပေးတဲ့ အစီအစဉ်အပါအဝင် တခြား အစီအစဉ်များစွာနဲ့ သီတင်းကျွတ်ကာလ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ စီမံ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
ဒေသခံတွေနဲ့ ရှေး/သုပညာရှင်တွေရဲ့ စိုးရိမ်မှု၊ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုပြင်ဆင် ဆောင်ရွက်ထားတယ်ဆိုတာကို အသေးစိတ် သိရှိနိုင်ဖို့ “မဟာသီယံ” ရိုးရာထိန်းသိမ်းမှုအဖွဲ့ ဥက္ကဋ္ဌကို VOM က ဆက်သွယ် မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ ပြန်လည် ဖြေကြားခြင်း မရှိသေးပါဘူး။
မီးပုံးပျံ လွှတ်တင်ရေးအစီအစဉ်မှာ ဆိုရှယ်မီဒီယာပိုင်းနဲ့ ပတ်သက်ပြီး ပါဝင် ကူညီပေးနေတဲ့ Bagan Lover အဖွဲ့ကတော့ သီတင်းကျွတ်မှာ မီးပုံးပျံတွေ လွှတ်တင်ဖို့အတွက် တာဝန်ရှိသူတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဒေသခံတွေ ပူးပေါင်းကာ မီးပုံးပျံ စမ်းသပ်လွှတ်တင်မှု (Testing) ပြုလုပ်ခဲ့တယ်လို့ လူမှုကွန်ရက်ကတဆင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က အသိပေးထားပါတယ်။
မီးပုံးပျံတွေရဲ့ ရောက်ရှိနိုင်တဲ့အကွာအဝေး၊ ပျံသန်းကြာချိန်နဲ့ ပျံသန်းလမ်းကြောင်း အခြေအနေတွေကို လက်တွေ့စမ်းသပ် စစ်ဆေးခဲ့ကြပြီး နေရာ သုံးခုမှာ စမ်းသပ်လွှတ်တင်ကာ အခြေအနေတွေကို သုံးသပ်ခဲ့ကြသလို မီးပုံးပျံလွှတ်တင်ပြီးနောက် ပြန်လည်သိမ်းဆည်းခြင်းနဲ့ သန့်ရှင်းရေး လုပ်ငန်းတွေကိုလည်း စနစ်တကျ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စမ်းသပ်မှုတွေ အဆင်ပြေချောမွေ့တယ်လို့ အသိပေးထားပြီး မီးဘေးအန္တရာယ် ကင်းရှင်းရေး၊ လူနေအိမ်တွေပေါ် ကျရောက်နိုင်ခြေနဲ့ Safety ကို အဓိကထား၊ စနစ်တကျ စစ်ဆေးနေကာ လေလမ်းကြောင်းက တရက်နဲ့ တရက်မတူညီဘဲ ပြောင်းလဲနိုင်တဲ့အတွက် ပွဲကျင်းပမယ့်နေ့ကို ရောက်ရှိပါကလည်း နိုင်ငံခြားသား balloons ပိုင်းလော့တွေကိုပါ ဖိတ်ခေါ်ပြီး သေချာစွာ ပြုလုပ်သွားမယ်လို့ အသိပေးထားပါတယ်။
“လူအများစု စိတ်ပူနေကြတာက မီးဘေးအန္တရာယ်နဲ့ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးကိစ္စတွေပေါ့။ အမှိုက်ကိစ္စနဲ့ ပတ်သက်ပြီးလည်း ကြိုတင်စီစဉ်ထားပြီးသား ဖြစ်ပါတယ်။ ပွဲပြီးတဲ့အခါ မီးပုံးပျံ အကြွင်းအကျန်တွေနဲ့ အမှိုက်တွေကို ပြန်လည်သိမ်းဆည်း ရှင်းလင်းနိုင်ဖို့ သန့်ရှင်းရေးအဖွဲ့တွေ စီစဉ်ထားပါတယ်။ ပွဲပြီးသွားတဲ့အခါ ပုဂံမြေကိုလည်း မူလအတိုင်း သန့်ရှင်းနေစေဖို့ အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားမှာပါ” လို့ Bagan Lover အဖွဲ့က အသိပေးထားပါတယ်။
ပညာရှင်တွေကတော့ ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် အခုလို ပြုလုပ်တဲ့အစီအစဉ်ဟာ ကောင်းမွန်ပေမယ့်လည်း တဖက်မှာ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ မီးဘေးလုံခြုံရေးကို အလေးထားသင့်တယ်လို့ ထောက်ပြထားကြပြီး မီးပုံးပျံလွှတ်တင်မယ့် နေရာ၊ မီးပုံးပျံ အရေအတွက်နဲ့ လုံခြုံရေးစီမံချက်တွေကို သေချာစွာ ပြန်လည်စိစစ်ပေးဖို့ လိုလားနေကြပါတယ်။
Photo – Bagan Lover
