ဆူးငှက်
ပျော်လောက်ဖွယ် မယ်ရင်ရယ် လွမ်းပါဘိတယ်
—————————————————-
ကျွန်တော်တို့ ရွှေဖလားကန်ရွာလေးကိုရောက်တော့ ရွာအဝင်စမှာပဲ အညာကျေးလက်သရုပ်ကို ပီပီပြင်ပြင် မြင်ရတော့သည်။ ဘေးတစ်ဘက်စီမှာ ရှာစောင်းပြာသာဒ် အရိုင်းချုံပင် ကြီးများနှင့် ရွာတံခါးက ဝင်လိုက်လျှင်ပဲ ရွာလှည်းလမ်းမှာ ဆိတ်တစ်အုပ်ကျောင်းလာလို့ ဖုံတထောင်းထောင်းထနေသည်။ ဆိတ်အုပ်နောက်က ဆိတ်ကျောင်းသား ကို ဒါ လေဘာတီ မမြရင်ဇာတိ ရွှေဖလားကန်ရွာ ဟုတ်ပါသလားဟု မေးတော့ ရွှေဖလားကန်ရွာ ဆိုတာ ဟုတ်ပါတယ်၊ လေဘာတီ မမြရင် ဆိုသူကိုတော့ မသိပါဟု ဖြေသည်။ ဆိတ်အုပ်နောက်က ရေအိုးတစ်လုံးရွက်၍ ရေခတ်လာသည့် အသက်၄၀ရွယ် ရွာသူမကို မေးတော့လည်း ကျွန်တော်တို့ ကားပေါ်ပါလာသည့် သီတဂူမောင်မောင်၏ လက်ထဲက ဗီဒီယို ကင်မရာကို ခပ်ရွံ့ရွံ့ကြည့်ကာ ဘာမှမဖြေဘဲ ရွာက ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဦးပဉ္စင်းကိုပဲ မေးပါဟု ဆိုပြီး ဘုန်းကြီးကျောင်းသို့ပဲ လမ်းညွှန်သည်။
ဘုန်းကြီးကျောင်းက မဝေးလှ။ ဘုန်းကြီးကျောင်းရောက်တော့ ကျောင်းပေါ်တက်၍ ကျောင်းထိုင် ဆရာတော်ကို ဦးချကြသည်။ ကျောင်းထိုင် ဆရာတော်က မကြီးလှသေး၊ သက်တော် ၃၀ကျော်လောက်ပဲ ရှိသေးသည်။ ဒါကြောင့် ရေအိုးနှင့် ရွှေဖလားကန်သူက ဦးပဉ္စင်းဟု သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ ကျွန်တော်တို့က ဦးပဉ္စင်းကို လာရင်းကိစ္စအားလျှောက်ထားတော့ “ လေဘာတီမမြရင် ဆိုတာတော့ ကြားဖူးတယ်ဗျ၊ ဒီရွာသူဆိုတာလည်း စာထဲမှာ ဖတ်ဖူးတယ်၊ ကျုပ်က ငယ်တော့ ဒီရွာအကြောင်း ဇစ်မြစ်ကို တယ် မသိလှဘူး၊ ဟော ပြောရင်းဆိုရင်း အခု ဆွမ်းပို့ လာကြတာ ဒီရွာမှာ အသက်အကြီးဆုံး ကြီးဒေါ်တွေပဲ၊ သူတို့က ဂဃဂဏ သိမှာ” ခေါင်းကိုပွတ်ရင်း မိန့်သည်။ ထို့နောက် ဆွမ်းလာပို့သည့် အဘွားကြီး ၂ယောက်ကို လှမ်းခေါ်ပြီး ကျွန်တော်တို့နှင့် တွေ့ပေးသည်။
အဘွားကြီး ၂ယောက်ကို လေဘာတီမမြရင်ဟု ပြောလိုက်ခါ ရှိသေး၊ နှစ်ယောက်စလုံးက “အမလေး မောင်ရင်တို့ရယ်၊ လေဘာတီ မမြရင်ကို မသိဘဲရှိပါ့မလား၊ ဒို့နဲ့က ညီအစ်မတော်သေးတာ၊ မမရင်လို့ ဒို့ကခေါ်တာ၊ အခန့်သင့်လိုက်တာ၊ မမရင်အကြောင်း ပြောပြမယ်၊ မမရင်ဓာတ်ပုံလည်းပြပါ့မယ်” ဟု ဝမ်းနည်း ဝမ်းသာ ခွဲမရသော မျက်ရည်ကို ဖျင်အင်္ကျီ လက်မောင်းမ လက်ကလနားဖြင့် မျက်ရည်တို့ရင်း ပြောသည်။ ထို့နောက် ဦးပဉ္စင်းကို ဦးချပြီး ကျောင်းပေါ်က ဆင်းတော့ ကျွန်တော်တို့လည်း အဘွားကြီး ၂ယောက်နောက် ခြေကျင်လိုက်ရသည်။ ကင်မရာမင်း မောင်မောင်က ကင်မရာထမ်းပြီး မြင်ကွင်းတွေကို ရိုက်သည်။ ကျောင်းဝင်းထဲက ထွက်သည်နှင့် လမ်းအချိုးလေးမှာ ထန်းပင်အုပ်အုပ် တစ်စုကို တွေ့သည်။ ထိုထန်းပင်များ အလယ်မှာ ၂ခန်းပတ်လည် အဆောက်အအုံလေး ယိုင်နဲ့နဲ့ကို တွေ့ရ၏။ အဘွားကြီးတွေက ထန်းပင်အုပ်အလယ်က အဆောက်အအုံလေးကို ညျွန်ပြပြီး အဲ့ဒါလေးက မမရင်လှူခဲ့တဲ့ ဇရပ်လေးကွဲ့။ နောက်လူတွေက ပြင်ကြပါရဲ့ အခု ပျက်လုလုဖြစ်နေပါပြီကွယ်။ ဒီဇရပ်လေးကို မမရင်က လှူတော့ အလှူရေစက်ချမှာ မန္တလေးက သူ့လူပါ လိုက်ပြီး ရေစက်ချစေချင်တာလေ၊ သူ့ဆန္ဒ ပြည့်မသွားခဲ့ပါဘူး ဟု ဆွေးဆွေးမြေ့မြေ့ပြောသည်။ ထိုအကြောင်းကို နန်းတော်ရှေ့ဆရာတင်က မမြရင်အတွက် ရေစက်ချ အမည်ဖြင့် သီချင်းတစ်ပုဒ် ရေးပေးခဲ့သည်
“မမရင်က လေဘာတီ မမြရင်ရယ်လို့ နံမည်ကြီးတဲ့နောက် ရွာကို ၃ခေါက်ပြန်လာတယ်ကွဲ့၊ အခုဇရပ်ရေစက်ချက တစ်ခါ၊ သီတင်းကျွတ် မီးထွန်းပွဲမှာ တစ်ခါ၊ နောက် ဘာပွဲမှ မရှိဘဲ သပ်သပ် တစ်ခေါက်ရော ဆိုတော့ ၃ခေါက် ပြန်လာတာလေ။ ဇရပ်ရေစက်ချတော့ မန္တလေးက သူ့လူပါ ခေါ်ခဲ့မှာလို့ သတင်းကြီးနေတာ၊ သူ့လူ သူဌေးက လိုက်မလာပါဘူး၊ မန္တလေးက ဦးခင်မောင်ရင်ဆိုလား တစ်ယောက်တော့ ပါလာတာ မှတ်မိတယ်” ဟု ထပ်ပြောသည်။ ပြောရင်း စောစောက ဇရပ်လေးကို စောင်းငဲ့ကြည့်ရင်း “ကျုပ်တို့ မမရင်တို့ ငယ်ငယ်က ဇရပ်ဘေး အခုမြင်နေရတဲ့ ထန်းပင်တွေက အခုလို ခပ်ကျဲကျဲ မှ မဟုတ်ဘဲ။ ထန်းတောကြီးက ညို့နေတာ တမျှော်ကြီး၊ နောက် ဥတုဖောက်ပြီး လောင်မီးတွေကျလို့ ထန်းပင်က ဒီအစုလေးပဲ ကျန်တော့တာ၊ အမလေး သည်ထန်းတော ဘယ်လောက် ကောင်းခဲ့လဲ ဆို မမရင်ဆရာလေ၊ နန်းတော်ရှေ့ဆရာတင်များ ကျုပ်တို့ရွာကိုရောက်လာရင် ဒီထန်းတောက ပြန်တယ်ရှိပေါင်တော်၊ ထန်းတောထဲ ညမအိပ်ရုံ တမယ်ပါပဲ။
ဆရာတင်က ကျုပ်တို့ရွာကို ပွဲရှိလို့ အရပ်ဇာတ်တိုက်တိုင်းလာတယ်။ တစ်နှစ် ၂ခေါက်၃ခေါက်ပဲ။ သည်တင် ဆိုင်းငြိမ့်လေး ကနေတဲ့ မမရင်ကို တွေ့သွားပြီး သူပဲ မန္တလေးကို မမရင်ခေါ်သွားတာ။ သူပဲ မြေတောင်မြှောက်ခဲ့တာ၊ ဆရာတပည့် သာမက ဦးလေးနဲ့ တူမလို စောင့်ရှောက်ခဲ့တာပါ၊ မမရင် မန္တလေးရောက်တော့လည်း ဆရာတင်က ကျုပ်တို့ဆီ အလာ မပျက်ပါဘူး၊ ကိုဖိုးသစ်အိမ်က သူ့စားအိမ်သောက်အိမ်ပါပဲ၊ အမြဲရောက်လာတာ၊ ရောက်တာနဲ့ ထန်းတောထဲ သွားတော့တာ။ ဘာတဲ့ ထန်းပင်၊ ထန်းလက်၊ ထန်းရွက်တွေက အသွယ်သွယ်ပါ မောင်ရယ်…၊ မြရင်တို့ရွာ…၊ ရိုးရာဇာတိနွယ်…၊ သြော်… လမ်းစဉ် လမ်းဆက် လမ်းမျက်စိတောင်မှ လည်ပါတယ် မောင်ရယ် ဆိုတာ ဒီရောက်တိုင်း သူသွားနေကျ ထန်းတောကို စာဖွဲ့ထားတာကွဲ့” ဟု လမ်းတလျှောက် တရှည်တလျား ရှင်းပြသည်။
သည်အဘွား၂ယောက်က ဒေါ်ပုမ တဲ့၊ ဒေါ်လှငွေ တဲ့။ မမြရင်နှင့် ညီအစ်မ ဝမ်းကွဲတွေ ဖြစ်သည်။ ကျွန်တော်က ခပ်လှမ်းလှမ်းရောက်မှ နောက်မှာကျန်ခဲ့သည့် ထန်းပင်စုစုလေးကို လည်ပြန်စောင်းငဲ့ ကြည့်လိုက်မိပြန်သည်။ စိတ်ကူး အာရုံထဲမှာ မမြရင်ကောင်းမှု ဇရပ်လေးဘေးက ထန်းပင်စုစုလေးက မှိုင်းညို့လာကာ ထန်းတောကြီး အသွင် မြင်ယောင် ခံစားမိ လာတော့သည်။
ခပ်ငယ်ငယ် တေးဆိုကြ၊ မြူးပျော်ကြ
——————————————
လက်ရေတစ်ပြင်တည်း…
နှီးဒေါင်းလန်းကြီးတွေနဲ့
ဝိုင်းဖွဲ့ကာစားကြသည်။
မြမဒီခင်…
ခပ်ငယ်ငယ် တေးဆိုကြ၊ မြူးပျော်ကြ…”
နန်းတော်ရှေ့ဆရာတင်၏ “လက်ရေတပြင်တည်း” သီချင်းက အခုထိမရိုးနိုင်သော သီချင်း ဖြစ်သည်။ မန္တလေးသား မှန်လျှင် “လက်ရေတပြင်တည်း”သီချင်းကို ငည်စဉ်ကတည်းက သိရှိ နှစ်သက်ကြသည်။ နန်းတော်ရှေ့ ဆရာတင်က ဒီသီချင်းကို လေဘာတီမမြရင်အတွက် ရေးစပ်ပေးခဲ့သည်။ လေဘာတီက မြို့မနှင့် အငြိမ့်ညွန့်ပေါင်း မှာလည်း ဒီသီချင်းကို သီဆိုခဲ့သည်။ ကိုလိုနီခေတ်က သာစည် ဒိစတြိတ်ထဲမှာ ပါဝင်ပြီး အခု ဝမ်းတွင်းမြို့နယ်ထဲမှာ တည်ရှိတဲ့ မမြရင်၏ မွေးဇာတိ ရွှေဖလားကန်ရွာလေးကို သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်ကလည်း ရောက်ဖူးပါ သတဲ့။ ရွာမှာ “ဆိုင်းငြိမ့်”(ဆိုင်းအဖွဲ့က အငြိမ့်ခန်းပါတဲ့အစီအစဉ်) အဖွဲ့က တောမင်းသမီးလေး မမြရင်ကို ဆရာတင် တွေ့သွားပြီး နောက်ပိုင်း မမြရင်ကို မန္တလေးတက်လာစေကာ နာမည်ကျော်မင်းသမီးကြီး ဖြစ်သွားသည်အထိ ဆရာတင်က ဆရာလို၊ ဦးလေးလို စောင့်ရှောက် ခဲ့သည်။ ဒါကြောင့်လည်း မမြရင်တို့ “ရွှေဖလားကန်”ရွာကို မမြရင်နှင့် အတူ ဆရာတင်လည်း မကြာခဏ ရောက်သလို မမြရင်မပါဘဲလည်း ဆရာတင် တစ်ယောက်တည်း ရောက်လာတတ်ပါသတဲ့။
ထိုအခါ နန်းတော်ရှေ့ဆရာတင်က မမြရင်၏ ငယ်ဘဝကိုလည်း သိသည်။ မမြရင်၏ ဇာတိရွာနှင့်လည်း ကျွမ်းဝင်သည်။ မမြရင်၏ အမူအကျင့် စရိုက်ကိုလည်း ရင်းနှီးသည်။ ဒါကြောင့်လည်း “မြမဒီခင် ခပ်ငယ်ငယ် တေးဆိုကြ၊ မြူးပျော်ခဲ့ကြ”သည့် ရွှေဖလားကန်ရွာနှင့် ရွာဝန်းကျင ်မြင်ကွင်းကို လက်ရေတပြင်တည်းသီချင်းမှာ ထည့်စပ်ခသည်။ မန္တလေးက ဘုရင့်နေပြည် ရွှေမြို့တော်ကြီး ဖြစ်ပေမယ့် ရွှေဖလားကန်ရွာကတော့ ဝေးသီခေါင်(မန်းမြေ၊ မန်းရေနဲ့ ဝေး)သည့် ကျေးလက်မို့ ထိုခေတ်အခါ အထိ ရွာမှာ ထမင်းစားကြလျှင် “ဒေါင်းလန်း” နှင့်ပဲ စားကြသည်။ ဒေါင်းလန်းက လူငါးယောက်လောက် တစ်ခါတည်း ဝိုင်းဖွဲ့ထိုင်စားလို့ရကာ ဘာအကန့်မှ မပါသော ယွန်းဗျပ်ကြီး ဖြစ်သည်။ ထွာဆိုင်လောက် အမြင့်ရှိသည့် ပတ်ပတ်လည် ခွာဒေါက်တွေ ပါသည်။ ထိုအထဲ ထမင်းတွေရော၊ ဟင်းတွေရော၊ ဟင်းချို၊ ချဉ်ရေရော တစ်ခါတည်းပုံပြီး ထည့်စားကြရသည်။
တံစို့ပေါ်မှာ ကင်တယ် ဆူရင်ခပ်ပြီး
————————————–
မမြရင်၏ မွေးဇာတိ ရွာနီးဝန်းကျင်က ယာခင်း၊ ကိုင်းခင်းတွေ စည်းရိုးတွေ၊ စည်းရိုးကန်သင်းတွေမှာလည်း အလေ့ကျ ပေါက် ဟင်းရွက်တွေကလည်း ပေါပါဘိသနဲ့ဲ့…။ တောဓလော့ တောစရိုက် ယာခင်း၊ ကိုင်းခင်းက အပြန် ခါးပုံထဲ စားကောင်းသမျှ ဟင်းရွက် ချဉ်ရွက်လေးတွေ ခူးလာပြီး စားခါနီးမှ ဖိုခနောက်ပေါ်က မြေအိုးထဲ ငါးပိလေး နည်းနည်း ထည့်ကာ ရောကျိုလိုက်သည်။
“တောရွာသူတို့ အိမ်မယ် မောင်ရယ်…
မြိန်ဖွယ်ပထမင်း
မိုးမျှော်ငရုပ်သီးထောင်းနဲ့ ကိုဘိုကေရယ်…
ဒေါင်းလန်းကြီးရဲ့အလယ်…”မှာ မိသားစု ဝိုင်းဖွဲ့ကြတယ်။
ဟင်းအနေဲ့က…
“တံစို့ပေါ်မှာ ကင်တယ် ဆူရင်ခပ်ပြီး
ဟင်းရွက်ကန်စွန်းပေါင်းနဲ့
ရေအင်တုံဝယ်…
သောင်းပြောင်းရောလို့နယ်…”တဲ့…။ ပွတ်ပွက်ဆူ ဟင်းချိုရည်နဲ့ပေါ့…။
တံစို့ပေါ်မှာကင်ထားတဲ့ တစ်ခွက်တည်းသောအသားဟင်းက ဘာပါလိမ့်…။
ဟောဒီမှာ…
“ချောင်းပေါင်မှာ… ဖြတ်လာရှာတဲ့…
ပဒက်ကလေး… နီကျင်ကျင်ရယ်…
နွယ်ကြိုးရှည်နဲ့သွယ်…” ၍ ဖမ်းလာသည့် ပဒတ်ကို နနွင်းလေး၊ ဆားလေးနဲ့နယ်၊ တံစို့ထိုး၊ မီးကင်ထားလိုက်တာ အနံ့လေးသင်းလို့ မွှေးလို့…။
ထန်းရွက်တွေက အသွယ်သွယ်ပါမောင်ရယ်
————————————————
ထိုထို ဟင်းတွေနှင့် မိသားစုက ဒေါင်းလန်းကြီး တစ်ချပ်ဘေး ဝိုင်းဖွဲ့ထိုင်ကာ လက်ရေတစ်ပြင်တည်း စားသောက် ကြရသည့် ငယ်ဘဝကို မမြရင်က လွမ်းသည်။ ရတနာပုံ ရွှေမြို့တော်မှာ စားပွဲနဲ့ ကုလားထိုင်နဲ့၊ တိုက်ပန်းကန်ပြားနဲ့ အလယ်တည် ပန်းကန်လုံးနဲ့ ဟင်းမယ် ဖွယ်ဖွယ်ရာရာ၊ ဇွန်းခရင်း ကိုင်ပြီး ဟန်လုပ် စားရတဲ့ဘဝ… မုန်းပါ့။
ဒါကြောင့်…
“ငယ်မူကို မဖျောက်နိုင်ဘူး
ပျော်လောက်ဖွယ်… မယ်ရင်… ရယ်
လွမ်းပါဘိတယ်။
ပျို့ဇာတိနွယ်၊ ပျိုတို့ဇာတိနွယ်…”ဟု ဆရာတင်က မမြရင်ကို ကိုယ်ချင်းစာနာစွာ ရေးဖွဲ့ခဲ့သည်။ မမြရင်လေးအပေါ် ငယ်ကတည်းက သံယောဇဉ် ကြီးခဲ့သူ ဆိုတော့ နာမည်ကျော် အငြိမ့်မင်းသမီး တစ်ယောက်အနေနှင့် ဥစ္စာဓနကြွယ်ဝပြီး သြဇာအာဏာရှိ၊ လက်ညှိုးညွှန်ရာ ရေဖြစ်နိုင်သည့် တစ်ဦးတစ်ယောက်က အပိုင်စီးပြီး ရွှေလှောင်ချိုင့်ထဲ ထည့်ခံထားရတဲ့ မမြရင်လေး ဘဝကို ဆရာတင်က စာနာသနားနေပုံရသည်။
ဆရာတင်က ရွှေဖလားကန် ရွာလေးကို ရောက်ဖူးနေတော့ မမြရင်လေး လွမ်းနေလောက်တဲ့ ရွာက မြင်ကွင်းလေးကိုလည်း သေချာထည့်ပြီး အမှတ်ရ စေသေးသည်။
“မိုး… တိမ်ယံ ကာကွယ်…၊ ယာလယ်ပြင်လမ်းမှာလ
ထန်းပင်၊ ထန်းလက်… ထန်းရွက်တွေက အသွယ်သွယ်ပါမောင်ရယ်…၊
မြရင်တို့ရွာ…၊ ရိုးရာဇာတိနွယ်…
သြော်… လမ်းစဉ်လမ်းဆက် လမ်းမျက်စိတောင်မှ လည်ပါတယ်မောင်ရယ်…” တဲ့လေ…။ ဟုတ်မှာပေါ့။ မမြရင်ငယ်ငယ်က “လမ်းမျက်စိ”လည်လောက်အောင် ထန်းတောကြီးက အုပ်ဆိုင်း မှိုင်းညှို့နေသည်။ ထိုထန်းတော ထန်းပင်တွေကြားမှာ မမြရင် လှူဒါန်းရေစက်ချခဲ့သည့် ဇရပ်လေးကိုလည်း ရွှေမြို့တော်ရောက် မမြရင် တစ်ယောက် လွမ်းနေမှာ သေချာသည်။
ကြိုလှည့်ပါ့၊ ဆံကေသွယ်
—————————-
ထိုသီချင်းတွင် ဦးလေးဆရာ၊ အစ်ကိုဆရာရင်း ဖြစ်သူ နန်းတော်ရှေ့ဆရာတင်က မမြရင်ကို အကြောင်းသိမို့ ကလိလိုက်ပါသေး၏။ အခုလို လေဘာတီ မမြရင်အနေနှင့် နာမည်မကျော်ခင် ရွှေဖလားကန်ရွာက “ဆိုင်းငြိမ့်” မင်းသမီးလေး မမြရင်ဘဝမှာ လူငယ်သဘာ၀ တစ်ရွာတည်းနေ၊ တစ်ရွာတည်းသားနဲ့ သံယောဇဉ် ရစ်ပတ် နှောင်ဖွဲ့ခဲ့ပါသတဲ့။ တစ်ရွာတည်းသားလေးက စာရေးကြီး ဦးဖိုးမောင်၏သား မောင်စံရ တဲ့လေ။ မောင်စံရ က ထိုခေတ် ကိုလူပျို ကာလသားတို့ ထုံးစံ ဆံပင်ရှည်ရှည် သျှောင်တစောင်းနှင့်တဲ့။ အခုတော့ မမြရင်က သဘင့်တက္ကသိုလ် ရတနာပုံမန္တလေး ရွှေမြို့တော်ကြီး ရောက်နေပြန်တော့ “ပုဝါပါးကို ကြက်သားထုပ်” မိသလိုမို့…
“မြရင်တို့ရွာ… ရိုးရာဇာတိနွယ်
သြော်… လမ်းစဉ်လမ်းဆက် လမ်းမျက်စိတောင်မှလည်ပါတယ်မောင်ရယ်…
အစ်ကိုရဲ့ညိုနွဲ့ကြိုလှည့်ပါ့ ဆံကေသွယ်…”တဲ့လေ…။
“အစ်ကိုနဲ့… ညိုနွဲ့… ကြိုလှည့်ပါ… ဆံကေသွယ်”တဲ့လေး။
“… ကြိုလှည့်ပါ့၊ ဆံကေသွယ်”တဲ့။
