ဆူးငှက်
တောဂရန်ရှိရင် ရအောင် တောင်းထား
——————————————
ရပ်ကွက်လေး အခြေအနေကတော့ ကောင်းသည်ဟု ပြောရမည်။ ၂၆ဘီလမ်းမပေါ်က “တပ်ပိုင်မြေ မကျူးကျော်ရ” ဟူသော ဆိုင်းဘုတ်လည်း မရှိတော့။ ရပ်ကွက်ထဲက အလံနီတွေလည်း မရှိတော့။ သို့သော် သတင်းတွေကတော့ အမျိုးမျိုးကြားနေရသည်။ သည်ကြားထဲ မြေလာဝယ်ကြသူတွေက “စုံစမ်းကြည့်ပြီးပြီ၊ ဈေးသင့်ရင်တော့ ဝယ်ထားကြလေ၊ တဲလေးတော့ ထိုးထားပေါ့၊ အနည်းဆုံး တိုက်ခန်း တစ်ခန်းတော့ ပြန်ရမှာပဲ၊ ဖြစ်နိုင်ရင်တော့ ပိုင်ရှင့်ဆီက တောဂရန်ရှိရင်လည်း ရအောင် တောင်းထားနော်၊ ကံကောင်းရင် ပေ ၃၀×ပေ၄၀ စလစ်မြေ တစ်ကွက်လည်း ရနိုင်တယ်” ဆိုသည့် သတင်းဖြင့် ဝယ်ကြတာတဲ့။
သေချာတာက ထိုသို့သော အကြောင်းပြချက်ချည်းမို့ ကျွန်တော်တို့ ဖြစ်ချင်သည့် လုံဝ ကင်းလွတ်ရေးတော့ မဟုတ်သည့် သဘောဖြစ်သည်။ သည်ကြားထဲ စည်ပင်က မိတ်ဆွေ ဌာနမှူးကို မေးကြည့်တော့ စိတ်မပူပါနဲ့၊ အဆင်ပြေသွားမှာပါ ဆရာဆူးရ ဟုချည်း ဖြေသည်။ ဘာမှတော့ ရေရေရာရာတိတိကျကျ မရှိသေးပေ။ မတတ်နိုင်၊ ကိုယ့်ဘက်က ဂိတ်ကုန်နေပြီလေ။
ရပ်ကွက်ထဲက ငှက်တစ်ကောင်
—————————————
သည်အချိန်တွင် ရပ်ကွက်လေးသည် လူနေအိမ်ခြေ တိုးလာသည်နှင့် အမျှ၊ ရပ်ကွက်တစ်ကွက်၏ အင်္ဂါရပ်လည်း စုံလာတော့၏။ ဘာတဲ့ ရှေးလူကြီးများ ပြောခဲ့သလိုပေါ့။ ရွာတည်ပြီးရင် စုန်းမတစ်ယောက်တော့ ပါစမြဲလေ ဆိုတာမျိုးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ရပ်ကွက်ကတော့ စုန်းထီးတစ်ကောင် ဖြစ်မှာပေါ့။ တစ်ရက်သား ရပ်ကွက်လေးထဲ တစ်ညနေစောင်းတွင် ကျွန်တော့် အိမ်၏ အရှေ့ဘက်တစ်လမ်းက အိမ်မှာ မီးလောင်သည်။ မီးက အတော်ကြီး သယောင် ဖြစ်သည်။ မီးခိုးတွေက ချက်ချင်းပဲ ထောင်တက်သွားသည်။ မကြာပါ မီးသတ်ကားတွေ ရောက်လာပြီး ငြှိမ်းသတ်ကြလို့ မီးကို နိုင်လိုက်သည်။ သည်တော့ ရပ်ကွက်ထဲမှာ မီးသတ်ကားရော ရဲကားရော၊ မီးသတ်သမားရော၊ မီးလာကြည့်တွေရော ရှုပ်ရှက်ခတ်သွာဒ၏။ ထိုအထဲတွင် ဝေါကီတော်ကီ ကိုင်ထားသည့် အရပ်သားတွေလည်းပါသည်။
မီးလည်းငြိမ်းသွားလို့ ကျွန်တော်လည်း စိတ်ချလက်ချ ဖြစ်ကာ အိမ်ထဲ ပြန်ဝင်ကာ ဝင်းတံခါးကို ပိတ်ထားလိုက်သည်။ အိမ်ထောင့် ပိတောက်ပင်လေးအောက်က ကွပ်ပျစ်လေးတွင် ထိုင်၍ နားနေစဉ် ဝင်းအပြင် ကျွန်တော့် အိမ်ထောင့်မှ လူတစ်ယောက်က ဝေါကီတော်ကီဖြင့် စက်ပေါက်ကာ သတင်းပို့နေ၏။ မီးက ရေခဲသွားသည့် အကြောင်း၊ ဘယ် မီးသတ် တွေက ကားဘယ်နှစင်းစာကြောင်း၊ လုံခြုံရေးအတွက် ဘယ်ရဲစခန်းက လာကြောင်း စသည်ဖြင့်ပေါ့။ ထို့နောက် ဒီရပ်ကွက်ရဲ့ ထုးခြားမှုက ရပ်ကွက်ထဲမှာ ပေါက်ရောက်သည့် ငှက်တစ်ကောင် ရှိကြောင်း၊ သူက စာရေးဆရာ ဆိုသူ ဖြစ်ကြောင်းတွေပါ သတင်းပို့နေသည်။ ကျွန်တော်က အတိုင်းသားကြားနေရသည်။
ဒီရပ်ကွက်ထဲမှာက စာရေးဆရာ ဆိုသူဟူသည် စဉ်းစားစရာမလို ကျွန်တော်ပဲ ရှိသည်။ ငှက်တစ်ကောင်တဲ့၊ သူတို့ပြောသည့် ငှက်ဆိုတာ ဆူးငှက်ကို ဆိုလိုတာ မဟုတ်။ သူတို့ပါတီနှင့် အတိုက်အခံ ဆန့်ကျင်ဘက် ပါတီက လူဆိုလျှင် ငှက်ဟု သုံးနှုန်း ပြောဆိုကြသည်။ အလိုလေး ကျွန်တော့်မှာ ပေါက်ရောက်သူ အယ်အယ်ဒီ အမာခံကြီး ဖြစ်လို့။ အလိုလေး ကျွန်တော့်မှာဖြင့် အယ်အယ်လ်ဒီပါတီ ဝင်ဖို့ မပြောနှင့် မ.ဆ.လ ခေတ်ကတည်းက ဘယ်ပါတီဝင်မှ မဟုတ်၊ ဘယ်ပါတီမှလည်း မနီးစ်ခဲ့ပေ။ သည်လူ ထွက်သွးတော့မှ ကျွန်တော်က ထွက်ကြည့်သော အခါ ကိုယ်တော်ချောက ရပ်ကွက်ထဲနေပြီး လစဉ် ကင်းေြးလာလာကောက်နေသည့် ကင်းသမားလက်သစ်ဖြစ်နေ၏။ သူရပ်၍ သတင်းပို့နေသည်က သူပြောသည့် ငှက်တစ်ကောင် အိမ်ဆိုတာ သူမသိ။ ကျွန်တော်တို့ ရပ်ကွက်ထဲက စုန်းထီးကတော့ ဝေါကီတော်ကီနဲ့လေ၊ သူလို စုန်းထီးက ရပ်ကွက်ထဲမှာ တစ်ယောက်ထဲတော့ ဟုတ်ပုံ မပေါ်။
လေဘာတီ မမြရင်က နှစ်၁၀၀ ပြည့်ပြီတဲ့
———————————————
ကျွန်တော်လည်း ရပ်ကွက်ကိစ္စက လမ်းဆုံးနေတော့ စောင့်ကြည့်ပဲနေတော့သည်။ ဖြစ်လာမှပဲ ကြည့် ဖြေရှင်းတာပေါ့ဟု အောင့်မေ့ထားလိုက်သည်။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ရုံပဲလေ။ ကိုယ့် အလုပ်ဆိုသည်မှာ စာရေးမည်၊ လက်ရှိတာဝန်ယူထားသော မီဒီယာ၏ တာဝန်ကြီးလှသည့် မီဒီယာ အလုပ်တွေ လုပ်သည်။ တိုက်မှာ မရှိတော့ပေမယ့် မမဒေါ်တင်ဝင်း က ခိုင်းသည့် လူထုတိုက်က စာအုပ် အပြင်အဆင်လေးတွေလည်း ကူရသည်။ တကယ်တော့ အိုယ့်အလုပ်ဟူသည်ကပင် တစ်နေကုန် မီဒီယာက ရုံးအလုပ်၊ တစ်ညလုံးနီးပါးက စာရေးတာနှင့် စာအုပ် အပြင်အဆင် အလုပ်မို့ အစောဆုံး အိပ်ရာ ဝင်သည်ကပင် ညာဉ့်သန်ကောင် ၁၂နာရီဖြစ်သည်။ တစ်ခါတရံ လင်းလုပေါ့။ သည်လို အချိန်မှာပဲ မထင်မှတ်သော အလုပ်တစ်ခု လုပ်လိုက်ရသည်။ အခြားမဟုတ်၊ အနုပညာအလုပ်ပါလေ။
သည်အနုပညာအလုပ်က ကျွန်တော့်စိတ်ကူးနှင့် စတင်လုပ်ရတာမဟုတ်၊ ညီတွေကဲ့သို့ ဖြစ်နေသော ဂျာနယ်လစ်လေးတွေ စိတ်ကူးစိတ်သန်း ဖြစ်ပါ၏။ တစ်ညသား ထိုညီငယ်လေးတွေ သူတို့ထိုင်နေကျ တာရဲတန်း ၃၈လမ်း ဘီယာဆိုင်မှာ ထိုင်ကြရင်း စကားပြောဖြစ်ကြတာတဲ့။ ထုံးစံအတိုင်း သူတို့ ပြောဖြစ်သည့် စကားတွေက မန္တလေး အငြိမ့်တွေအကြောင်းပေါ့။ သည်ကာလ မန္တလေးအငြိမ့်အကြောင်း ပြောကြတော့ မန္တလေးအငြိမ့် အလွမ်းပဲ ဖြစ်ကြသည်။ တစ်ချိန်က အငြိမ့်အဖွဲ့ပေါင်း ၅၀ကျော်ရှိရာက ယခုအခါ လက်ချိုးရေလို့မှ လက်တစ်ဖက်စာပင် မရှိတော့သော တည်းတည်းသာ ကျန်တော့သည့် မန္တလေးအငြိမ့်အခြေအနေမှ အစပြုကာ ပြောဖြစ်ကြရင်း လွမ်းလိုက်ကြသည်မှာ စစ်ကြိုခေတ်အထိ ရောက်ကုန်ကြသတဲ့။
သည်တွင် သူတို့ မသိမှီလိုက်သည့် နာမည်ကျော် အငြိမ့်မင်းသမီးကြီး လေဘာတီမမြရင် အကြောင်း ပါလာတော့သည်။ သူတို့က မမြရင်ကို ဒေါ်ဒေါ်လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ထဲကပဲ သိမှီကြသည်။ ထိုသို့ ပြောရင်းဆိုရင်း ငြင်းရင်းခုံရင်း မမြရင်၏ မွေးသက္ကရာဇ်ကို သတိရကြသောအခါ တိုက်ဆိုင်လိုက်ပုံက အခုနှစ်က လေဘာတီ မမြရင် အနှစ်၁၀၀ပြည့်တဲ့ ရာပြည့်နှစ်တဲ့။ သည်အချိန် ဘီယာလေးကလည်း အတော်မူးနေတော့ ဘာမှ မစဉ်းစားတော့ဘဲ မြွေမကြောက် ကင်းမကြောက် ဘေဘာတီရာပြည့် အငြိမ့် ကကြမယ်တဲ့။ ထိုမှစ ငြင်းကြခုံကြပြန်ပြီး ဘီယာသာမက ရမ်လေးပါစွက်လာလေတော့ ပို၍ ရူးသွပ်မိုက်မဲ စွာဖြင့် နောက်ဆုံး သူတို့ ဆုံးဖြတ်လိုက်တာ က “လေဘာတီ မမြရင် အနှစ်၁၀၀ပြည့်” အငြိမ့် ဗီစီဒီ ရိုက်ကြမယ်တဲ့။
သည်အချိန်မှာပဲ ကျွန်တော်ကလည်း ဝင်းတံခါးပိတ် ရှေ့မီးမှိတ်ပြီး အိမ်ထဲမှာ စာရေးနေချိန် အိမ်ရှေ့က ဆိုင်ကယ်သံများနှင့် လူသံတွေ အချိန်မတော် ကြားလိုက်တော့ ထိပ်ခနဲ ဖြစ်သွားသည်။ ခဏနေ ဆရာဆူး ဆရာဆူးဟု ခေါ်သံကြားတော့ ထွက်ကြည့်ကာ စိုးရ်မ်စွာဖြင့် တံခါးဖွင့်ပေးလိုက်သည်။ ည ၁၀နာရီလောက်ကြီး ဆိုင်ကယ်ကိုယ်စီဖြင့် ကျွန်တော့် အိမ်ပေါက် ချလာကြသူတွေက ရွှေမန္တလေးဂျာနယ်က သတင်းထောက်များ ဖြစ်ကြသည့် ဆွေနိုင်စစ်၊ သာဇော်၊ ဖိုးနောင်(ဘူးကိုင်း) တို့ ၃ယောက်လေ။ တော်သေး ရပ်ကွက်ထဲက ဝေါ်ကီတော်ကီကိုင် စုန်းထီးတွေ မဟုတ်လို့။
မြွေမကြောက် ကင်းမကြောက် စိတ်ကူးလိုက်ကြပုံ
——————————————————-
ရွှေမန္တလေးဂျာနယ်က သတင်းထောက်တွေဖြစ်တဲ့ ဆွေနိုင်စစ်၊ သာဇော်၊ ဖိုးနောင်(ဘူးကိုင်း) တို့ ၃ယောက်က ကျွန်တော့် ညီတွေလို ဖြစ်သည်။ သူတို့လာသည့် အချိန်က တကယ့် အချိန်၊ သည်အချိန်မှာ လာကြသည့်အပြင် ထုံးစံအတိုင်း အရည်လေးတွေ ဝင်ထားကြတော့ ကိုယ့်ကို လာဂျီတိုက်ကြတာလားဟု အစက ထင်မိသေးသည်။ တကယ်တော့ သူတို့ လာရင်းကိစ္စကို ကြားရတော့ အတော်အံ့အားသင့်သွားပါ၏။ သည်လိုလေ။
တစ်ခေတ်တစ်ခါက ပြည်သူချစ်သော အနုပညာသည်ကြီးတစ်ဦးဖြစ်သည့် အငြိမ့်မင်းသမီး လေဘာတီမမြရင်က ၁၂၆၆ ခုနှစ်၊ တော်သလင်းလမှာ မွေးဖွားတော့ ခရစ်နှစ်အလိုအရ ၁၉၀၄ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ လတွေ ဖြစ်လိမ့်မည်။ ဒီတော့ ၂၀၀၄ ခုနှစ်၊ စက်တင်ဘာ အောက်တိုဘာလမှာ လေဘာတီမမြရင် အနှစ် ၁၀၀ တင်းတင်း ပြည့်ပြီပေါ့။ ထိုအခါ အငြိမ့်နဲ့မွေး၊ အငြိမ့်နဲ့ကြီး၊ အငြိမ့်နဲ့ ရင်ခုန်၊ အငြိမ့်နဲ့ မွေ့လျော်ခဲ့ကြတဲ့ မန္တလေးသားတွေအဖို့ ရင်ထဲ နှလုံးသားထဲမှာ အငြိမ့်လွမ်းဝေဒနာတွေ ဆူဝေနေဆဲမို့ လေဘာတီမမြရင် ရာပြည့် အခါသမယကို ဘယ့်နှယ် မသိလိုက် မသိဘာသာ ကျော်ဖြတ် သွားကြပါမလဲလေ။ သည်အထဲတွင် လူငယ် သတင်းထောက်လေးတွေက လေဘာတီ မမြရင် ရာပြည့်ကို ပထမဆုံး သတိရကြသူများ ဖြစ်သည်။
ဒီတော့ “လေဘာတီမမြရင် နှစ်တရာပြည့်”ကို ဘယ်လို အထိမ်းအမှတ်ပြုကြမလဲ ဆိုတာ ခေါင်းချင်းဆိုင် မိကြတော့ အထိမ်းအမှတ်အနေနှင့် လေဘာတီ မမြရင် အနှစ်၁၀၀ပြည့် မန္တလေးအငြိမ့် အလွမ်းပြေ ဗီစီဒီအခွေ ထုတ်ကြမှာတဲ့။ သည်အစီအစဉ်မှုာ ကျွန်တော်လည်း ပါဝင်အားဖြည့်ပေးဖို့ ညကြီးမင်းကြီး ရောက်လာကြခြင်း ဖြစ်သည်။ သည်အစီအစဉ်ကို ဆရာကံချွန်နှင့် ကျွန်တော် ဦးဆောင်ကြရမှာတဲ့။ ကျွန်တော် ချက်ချင်း ခေါင်းညိတ်လိုက်ပါသည်။ တကယ်တော့ ထိုစဉ်ကာလ ဆရာကံချွန်နှင့် ကျွန်တော်နေရာတိုင်း အယူအဆတူသူ မဟုတ်။ သို့သော် သူရော ကျွန်တော်ပါ ထိုစဉ်ကတည်းက ဖွင့်မပြောပါဘဲ နားလည်မှု ရထားတာ တစ်ခုရှိသည်။ ထိုနားလည်မှုက “တူတာ တွဲလုပ်မည်။ မတူတာ ခွဲလုပ်မည် ”ဟူသည့် သဘောထားဖြစ်သည်။
ထို့ကြောင် သူနှင့်ကျွန်တော်ကြား ဘာပြဿနာမှ မရှိ။ အထူးသဖြင့် သူနှင့်ကျွန်တော် စာပေဟောပြောပွဲ ခရီးစဉ်တွေ အတူသွားရသောအခါ ပိုမို နားလည်မှု ရလာသည်။ သူက ငယ်သူအပေါ် အတော် ငဲ့ညှာသည်။ တာဝန်ယူစရာ ပြောစရာ ဆိုစရာ ရပ်တည်စရာ ရှိရင်လည်း လူကြီးပီပီ ရှေ့ကရပ်သည်။ သူနှင့် စကားကြာကြာ ပြောရတိုင်း ကိုယ့်အတွက် စဉ်းစားစရာ အချက်အလက် တစ်ခုမက ရသည်။ သဘောတူချင်တူ မတူချင်နေပေါ့။ သေချာတာ တစ်ခုကတော့ သူနှင့် စကားပြောပြီးတိုင်း အလုပ်လုပ်ဖို့ အားတွေ ပိုတက်လာတာပဲ ဖြစ်သည်။
တူသည့် အလုပ်များ တွဲလုပ်ကြတာပါ
——————————————–
ကျွန်တော်တို့ နှစ်ယောက်၏ အတွင်းသဘောကို မသိဘဲ အပြင်ပန်း ခပ်တန်းတန်း ဆက်ဆံရေးကိုသာ မြင်သည့် ဖိုးနောင်(ဘူးကိုင်း) က “ဆရာဆူး၊ ဆရာချွန်နဲ့ ဖြစ်တယ်မို့လား ” ဟု စိုးရိမ်သံနှင့် မေးသည်။ ကျွန်တော်က ရယ်မောရင်း ဘာလို့မဖြစ်ရမှာလဲ ” ဟု ပြောမှ သူတို့လည်း မယုံရဲရဲ စိုးရိမ်မျက်နှာတွေကို မျက်နှာပိုးသတ်လိုက်တာ သတိထားမိသည်။ ဟုတ်တယ်။ ဘာလို့ မဖြစ်ရမှာလဲ။ ကျွန်တော်တို့က တူတာ တွဲလုပ်တာပဲ။ လေဘာတီ မမြရင်ကို ဂုဏ်ပြုဖို့ ဆိုတာ ဆရာကံချွန်ရော ကျွန်တော်ရော တူတဲ့ ကိစ်္စပဲ။ ထို့အတူ မန်္တလေးအငြိမ့် ဆိုတာကလည်း ဆရာကံချွန်၏ တကယ့် စပယ်ရှယ်လစ် ကိစ်္စ။ ထိုကိစ်္စအပေါ် ကျွန်တော်လည်း ထဲထဲဝင်ဝင် မဟုတ်တောင် ဟိုစပ်စပ် ဒီစပ်စပ်တော့ တီးမိ ခေါက်မိသည်။ ထို့ကြောင့် တူသည့်အလုပ်များဟု ဆိုရခြင်း ဖြစ်သည်။ တူသည့်အလုပ်ကို တွဲလုပ်ခြင်း ဖြစ်သည် ဒီနေရာမှာလည်း အားမနာတမ်း ထပ်ပြောရရင် ဒီကိစ္စကို စာပေပတ်ဝန်းကျင် အသိုင်းအဝန်းတစ်ခုထဲတင် ဘယ့်နှယ်လုပ် စွမ်းဆောင်နိုင်ပါမလဲ့။ တကယ်တမ်း ဆောင်ရွက်နိုင်တာက အငြိမ့်ပညာရှင်တွေလေ…။
စာပေဝန်းကျင် အသိုင်းအဝန်းက “လေဘာတီမမြရင် ရာပြည့်”ကိစ္စကို စတင်တို့လိုက်၊ ထိလိုက်တော့လည်း အငြိမ့်ပညာရှင်တွေက အံ့မခန်းပါပဲ။ ဝိုင်းဝန်း အကူအညီပေးကြတယ်။ ဒါကြောင့် မန္တလေးက စာပေအသိုင်းအဝိုင်း၊ အငြိမ့်ပညာရှင် အဝန်းအဝိုင်းတို့ ပူးပေါင်းပြီး အဲဒီ ၂၀၀၄ ခုနှစ်နှောင်းပိုင်းမှာပဲ “လေဘာတီမမြရင် နှစ်တစ်ရာပြည့် မန္တလေးအငြိမ့်အလွမ်းပြေ” ဆိုသော မှတ်တမ်းဗီစီဒီကို ပျော်ပျော်ပါးပါး ဝိုင်းဝန်း ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ ရိုက်ကူးကြရာတွင် ကနဦးအစပိုင်းက ကျွန်တော်တို့ အပေါ် မလိုအပ်သော သံသယစိတ်ဖြင့် အဖွဲ့အစည်း တစ်ခုက နောက်ကွယ်က ပါသည်ဟု ဆိုကာ သွားပုပ်လေလွင့် ပြောပြီး သတင်းမတင်ရေးဖြင့် ဆန့်ကျင်ခဲ့ကြသည့် ဂျာနယ်များပင် ရှိသည်။ ကျွန်တော့်မှာ ဘာလုပ်လုပ် ဤသို့သော အတိုက်အခိုက်များ ရှိခဲ့ပါ၏။
အရေးကြီးဆုံးက အငြိမ့်တီးဝိုင်း
———————————–
တကယ်တော့ ဒီအစီအစဉ်အတွက် အရေးကြီးဆုံးက အငြိမ့်တီးဝိုင်း ဖြစ်သည်။ မန္တလေးအငြိမ့် ဆိုသည်မှာ တီးဝိုင်းအနေနှင့် “ငါးဦးသား” ဟု ခေါ်သော ပတ္တလား/မောင်းဆိုင်း ၊ ကြေးနောင်၊ နှဲ/ပလွေ ၊ ဒိုးချောင် ၊ အုပ်စုံပဲ ပါသည်။ ထိုတီးဝိုင်းနှင့် အငြိမ့်ခွင်ကို ရိုက်ကူးရာတွင် မင်းသမီးတွေက သီချင်းကို ကိုယ်တိုင် သီဆိုစေပါ၏။ ပန်းသဇင် သီချင်းတစ်ပုဒ်ပဲ ကပြမည့် ပန်တျာ ယမင်းအောင်ကို သူ့အသံဖြင့် ကြိုတင် အသံသွင်းကာ နောက်ခံဖွင့်၍ သုံးခဲ့သည်။ အထူးသဖြင့် တီးဝိုင်းက သီချင်းတွေပဲ တိုက်ထားပြီး ပွဲထွက် ကရောင်းရိုက်တာ၊ မြင်းတက်တီးတာ ၊ ပြက်လုံးခွင်တွေ ပွဲ အစအဆုံး ကြိုတိုက်မထားခဲ့ပေ။ တီးဝိုင်း လူရွှင်တော် မင်းသမီး စင်ပေါ် ကင်မရာရှေ့မှ နဖူးတွေ့ ဒူးတွေ့ တွေ့ကြပြီး သဘောပေါက် သဘာနဲ့ တောက်လျောက် အလုပ်လုပ်သွားတာကို Live ရိုက်ခြင်း ဖြစ်သည်။
အငြိမ့်ခန်းကို ဒီလို Live ရိုက်နိုင်အောင် တီးဝိုင်း၏ အုပ်စုံက ကြေးမောင်းသံ ခရာသံ လင်ကွင်းအကြီး အသေး အအုပ် အဖွင့် တီးသံ အငြိမ့်ဆိုင်း၏ အသက် ကြေးနောင်သံ ဝါးပတ္တလားသံ အပြင် မန္တလေး မင်းသမီးများ၏ သီချင်း ခြေဆင်းကို ပရိသတ် ကျောပေးပြီး ပတ္တလားရှေ့ မျက်နှာမူကာ ယပ်တောင်လေး ကိုင်ဆိုသည့် အသံကိုပင် ပီပြင်အောင် ၊ လူရွှင်တော်တွေ ပြက်လုံးခွင်တိုင်း ရှိနေသည့် နေရာက ပြောသမျှ ပြက်သမျှ အသံတွေ မတိမ်မနစ် ပီပြင်အောင် အသံဖမ်းသည်က ဆွဲမိုက် တစ်လုံးတည်းဖြစ်သည်။ ဘယ်ကော်လာမိုက် ဘယ် fm မိုက်မှ မပါပါ။ တစ်လုံးတည်းသော မိုက်က စင်ရှေ့ အပေါ်က ချိတ်ထားသည့် အောက်လင်းဓာတ်မီးထဲမှာ ဖွက်ထားသည်။ ထိုကဲ့သို့ ပီပြင်သည့် အသံများကို ဖမ်းပေးတာက ကျနော်တို့ ချစ်မိတ်ဆွေကြီး ကိုချိုလေး (နွေငြိမ်း)ပါ။ သူ့ကျေးဇူးက အငြိမ့်သံ စစ်စစ် ပီပြင်တယ်ဟု အားလုံးက ချီးကျူးရလောက်အောင် ကြီးမား ခဲ့သည်။ ထိုမျှမက ထိုLive အရုပ်တွေကို စိတ်တိုင်းကျ အပီအပြင် ရိုက်ကူးပေးတာက လှဂုဏ်ရည် ဦးကျော်ဝင်း အဖွဲ့ဖြစ်ကာ သီတဂူမောင်မောင်နှင့် လှဂုဏ်ရည် ကျော်သူဝင်းတို့က ကင်မရာမင်းတွေပေါ့။
ကွယ်လွန်သူ ဆရာကံချွန်က ဒါရိုက်တာ၊ ကျနော်က ဇာတ်ညွှန်းနဲ့ တည်းဖြတ်၊ ဆွေနိုင်စစ်၊ သာဇော်၊ ဖိုးနောင်(ဘူးကိုင်း)၊ တင်အောင်မိုး(လင်းလက်)တို့က ဦးဆောင်စီစဉ်သူတွေပေါ့။ ပြောမယ့်သာပြောတာ မန္တလေးက စာပေ သဘင်ပညာရှင်တွေ အားလုံးကူကြသည်။ ထိုစဉ်က မန္တလေး နန်းရှေ့ ပန်တျာကျောင်းဝင်းထဲက အမျိုးသား ဇာတ်ရုံတွင် အငြိမ့်ခုံ ခွင်ဆင် ရိုက်ကူးခဲ့ရာ လိုအပ်သော ဆက်တင်များအတွက် ဒါရိုက်တာ မောင်ယဉ်အောင်နှင့် သူ့တပည့် ဆက်တင်ဆရာ အောင်သစ်တို့က ကူညီခဲ့ကြသောကြောင့် အငြိမ့်စင်ခွင် အပြင်အဆင်က သဘာဝကျစွာ လှပခဲ့ပါသည်။ ယုတ်စွအဆုံး ဇာတ်ညွှန်းတွင်ပါသော မမြရင်၏ ချစ်သူနှင့် မမြရင် ပရိသတ်တို့ ကာကာဆိုင်တွင် တွေ့ဆုံကြပြီး တုံးကျော်မ မမြရင်အကြောင်း ပြောဆိုကြသည့် ဇာတ်ဝင်ခန်းအတွက် လက်ဖက်ရည်ဆိုင် အခင်းအကျင်းကို ဆိုင်ဖွင့်ချိန်မှာပင် ကျွန်တော်တို့ စိတ်ကြိုက် ထင်သလို အသုံးပြုခွင့် ပေးခဲ့သည့် နန်းဦးလွင်က မိသားစုကဖေး၏ စေတနာကလည်း ကြိးမားလှပါ၏။
ကျေးဇူးတင်ထိုက်သူတွေ
———————————-
ဆရာမောင်မြတ်မှိုင်းနှင့် ပန်တျာဒေါ်ဌေးဌေးမြင့်တို့ မောင်နံှကဆို ‘ ကျွန်တော်တို့ လုပ်ရမယ့် တာဝန်ကို ကိုဆူးတို့ ဝင်လုပ်ပေးတာပဲ၊ အတတ်နိုင်ဆုံး ကူကြရမှာပေါ့” ဟု ဆို၍ အစအဆုံး ကူတာ..။ သစ်လွင်အငြိမ့် ပိုင်ရှင် ရွှေမန်းသူ ဒေါ်မြင့်မြင့်သန်း ကလည်း သူ့အိမ်မှာ စတည်းချပြီး ကျွန်တော်တို့ ပူဆာသမျှ မငြီးမငြူ ကူညီတာ..။ ပါဝင်ကြသည့် ဘဒွေးပေါစံ၊ ဦးသိန်းဆု၊ ဦးဒီပါ၊ ကိုချစ်စရာ၊ ဦးရန်အောင်၊ ဦးကျောက်နီ တို့ ဆိုတာ အချိန်ပြည့် စိတ်ပူပူပန်ပန်နှင့် ကိုယ်ဖိရင်ဖိ ကူကြတာ။ ဇာတ်ကောင် အနေနှင့် မပါသော်လည်း ဦးထင်ပေါ်ကလည်း မနေသာခဲ့၊ ပန်တျာယမင်းအောင်ကို သီချင်းတွေ ကိုယ်တိုင်တက်ပေးခဲ့သည်။ ဦးလှအောင်တို့ တီးဝိုင်းအဖွဲ့ကလည်း ငယ်မူတွေပြန်လို့..။ အရင်က လုပ်ဖော်ကိုင်ဖက်တွေ ပြန်တွေ့ရပြီး ပျော်လို့..။ ရွှံ့ဗွက်ထဲ နစ်နေတဲ့ ပွတ်လုံးကြေးဝိုင်းနဲ့ ဒိုးချောင် ဒူးကာတွေတောင် ခက်ခက်ခဲခဲရှာဖွေပေးခဲ့ကြသည်။
အထူးသဖြင့် မန္တလေးကို သူ့အနုပညာကိစ္စနှင့် ရောက်နေသော ကိုသုမောင် ကလည်း ကိုယ့်စားရိတ် ကိုယ်စား အလကားမူးတင်း ကူညီသွားသေး၏။ ကျွန်တော်တို့ အလိုက်မသိပုံ ကလည်း ကိုသုမောင်ကို ခွေထွက်တာတောင် လက်ဆောင်မပေးခဲ့။ ထို့ပြင်တစ်၀ ရိုက်ကူးပြီးခွေကို တည်းဖြတ်ပေးသော ရန်ကုန်က Crystal Image Editating မှ တည်းဖြတ်ပညာရှင် ကိုတင့် အပါအဝင် ညီငယ်မျာက ရန်ကုန်သို့ ၃ကြိမ်၃ခါ ဆင်းပြီး ကျွန်တော်ချေးများသမျှ စိတ်ရှည်လက်ရှည် အကြိမ်ကြိမ် တည်းဖြတ် ပေးခဲ့သည်ကလည်း အခုထိ ကျေးဇူးတင်နေရဆဲ ဖြစ်သည်။ နောက်ဆုံး ၃ခေါက်မြောက် တည်းဖြတ်ပြီးမှ ဆင်ဆာခွေ အပြီးသတ်ကာ ဆင်ဆာ ရုံးတင်နိုင်ခဲ့ရပါ၏။
မမြရင်တဲ့၊ တောနံမည်နဲ့ မင်းသမီး၊ မကြားဖူးဘူး
——————————————————
ထို့ပြင်တစ်၀ ဆင်ဆာရုံးတွင် ကျွန်တော်တို့ခွေက ကြာသင့်ကြာအပ်သော အချိန်ထက် နှစ်ချီကြာမြင့်နေပြီး ထိုအတောအတွင်း မြို့မကျောင်းလမ်း အမျိုးသားဇာတ်ရုံတွင် ထိုစဉ်က မြန်မာအက ကတတ်သော လူငယ်ကြိုက် ရုပ်ရှင်မင်းသမီးကို ခေါင်းဆောင်တင်ကာ ဗီဒီယိုဈေးကွက်ဝင် နာမည်ကျော် လူရွှင်တော်ကြီး များနှင့် အငြိမ့်တစ်ခွေ အမြန်ရိုက်ကူးကာ ဆင်ဆာအမြန်ကျပြီး ထွက်ရှိသွားရာ ကျွန်တော်တို့ ဆင်ဆာ တင်ထားပြီး မကျသေးသည့် ပြက်လုံးခွင်များလည်း ပါသွားခဲ့သည်။ သြော် ဒီလောက က သည်လိုပါလားလေ။
ထို့ပြင်တစ်၀ မန္တလေး၌ ရိုက်ကူးစဉ် နန်းရှေ့ဇာတ်ရုံတွင် တည်းသွားသော ထိုစဉ်က ဝန်ကြီးဖြစ်သူဗိုလ်ချုပ်က အမှတ်မထင်” ဒို့ မန္တလေးရောက်တုန်းက ကဇာတ်ရုံထဲရိုက်နေတဲ့ မန္တလေးအငြိမ့်ဆိုတာထွက်ပြီလား “ဟု ကံကောင်း ထောက်မစွာ မေးလိုက်လေမှ ဆင်ဆာက ကျလာပါ၏။ ဆင်ဆာကျပြီဟု သိရသဖြင့် ကျွန်တော်နှင့် ဆွေနိုင်စစ်တို့ ရန်ကုန် ဗိုလ်ချုပ်လမ်းတလျောက် ဗီဒီယိုဖြန့်ချီရေးများအား တစ်တိုက်ဝင် တစ်တိုက်ထွက် လှေကားတွေ ဆင်းချီ တက်ချီ ဖြင့် ကျွန်တော်တို့ အငြိမ့်ခွေ ဖြန့်ချိရေးကို စပ်ဟပ်ကြရာ ပေါစံ သိန်းဆု ဒီပါ ချစ်စရာ တဲ့၊ လူရွှင်တော် နံမည်တွေလည်း မကြားဖူးဘူး။ ပန်တျာ ဌေးဌေးမြင့်တဲ့၊ ပန်တျာ ယမင်းအောင်တဲ့၊ မင်းသမီး နံမည်တွေလည်း မကြားဖူးဘူး၊ မမြရင် ဆိုတာကလည်း တောနံမည်ကြီးဟုဆိုက ပိုင်ရှင်ပင် အတွေ့မခံဘဲ စာရေးများအဆင့်နှင့်ပင် ခေါင်းခါ လက်ကာ ပြာပြာသလဲ ငြင်းဆိုကြပါသည်။
ထို့ကြောင့် စိတ်ပျက် လက်ပျက်နှင့် မန္တလေးသို့ တပ်ခေါက်ပြန်လာကြပြီး ကိုယ့်ဖာသာပဲ တစ်နိုင်တစ်ပိုင် အဆင်ပြေသလို ဖြန့်ကြတာပေါ့ဟု အားလျော့နေစဉ် မန္တလေးတိုင်းဗီဒီယို အစည်းအရုံးဥက္ကဋ္ဌ မိတ်ဆွေကြီး ဦးမျိုးသန့် အကူအညီဖြင့် ရန်ကုန်ဖြန့်ချီရေး တစ်တိုက်က အားနာပါးနာနှင့် ဝယ်ယူကာ ဖြန့်ချီခဲ့ပါသည်။ ရသည့် ငွေကြေးက အခွေရိုက်စဉ် ချေးငှား စိုက်ထုတ်ထားသော ငွေကလေး ပြန်ဆပ်နိုင်ရုံ တန်ဖိုးပါပဲလေ။ ဒါရိုက်တာ ဇာတ်ညွှန်းကအစ ပါဝင်ဆင်နွှဲကြသူ အားလုံး အနုပညာကြေး တစ်ပြားမှ မရကြဘဲ အားလုံး အိတ်စိုက်ပေါ့လေ..။
မန္တလေး အငြိမ့်ကို လွမ်းလို့တဲ့
———————————-
ဒီလိုအခက်အခဲကြားက သီးပွင့်လာသော “လေဘာတီ မမြရင် နှစ် ၁၀၀ ပြည့် မန္တလေးအငြိမ့် အလွမ်းပြေ”က ၂၀၀၅ ခု၊ သြဂုတ်လ ၁၂ ရက်နေ့မှာ စာနယ်ဇင်းကို အသိပေးနိုင်ခဲ့ပြီး သြဂုတ်လ ၂၇ ရက်နေ့မှာ မြို့လူထုကို “နေပြည်တော်ရုပ်ရှင်ရုံ”တွင် ရီမြင့်ရုပ်ရှင် ကိုဇော်မြင့် အကူအညီဖြင့် ပြသကာ ဂါရဝပြုနိုင်ခဲ့သည်။ ထိုအချိန် ဝိုင်းဝန်း ကူညီ ပါဝင်ခဲ့ကြသူ အားလုံး ဝမ်းသာ မျက်ရည်စက်လက် နှင့်ပေါ့။ ကာယကံရှင်တွေက ဝမ်းသာမျက်ရည်နစ်လို့…။ လာကြည့်ကြသည့် ပရိသတ်က “မန္တလေးအငြိမ့်”ကို နှမျောလွန်း၊ လွမ်းဆွတ်လွန်း…။ တသသ ဖြစ်လွန်းလို့ ငယ်လွမ်း ဝေဒနာတွေနှင့် ဝမ်းနည်း မျက်ရည်အိုင်ထွန်း…။ ကာယကံရှင်များနှင့် မြို့လူထပရိသတ်မှာ ပွဲအပြီး မျက်ရည်တွေ ကိုယ်စီနဲ့ လက်ဆွဲ နှုတ်ဆက် ထောပနာပြု ကြပြန်တော့ ခံစားရတဲ့ ပီတိတွေဟာ အခု ပြန်စဉ်းစားလျှင်ပင် မနေ့တနေ့ကလို ပူနွေးဖိုလှိုက်နေဆဲဖြစ်သည်။
ထိုမျှမက ပြန်လှန် စဉ်းစားလိုက်တော့ ထိုအငြိမ့်ခွေ အတွက် မမြရင်၏ မွေးရပ်ဇာတိ ရွှေဖလားကန်ရွာ နှင့် မမြရင် ဘဝ နိဂုံးကမ္ပတ် အဆုံးသတ်ခဲ့သော ဧည့်ပြရွာ တို့ဆီ သွားရောက် ရိုက်ကူးစဉ်က အတွေ့အကြုံများကလည်း လွမ်းဆွတ် အမှတ်ရဖွယ် ဖြစ်သည်။
