လူကုန်ကူးခံရတဲ့ မြန်မာလုပ်သား ၇၀၀ ကျော် ထိုင်းအစိုးရက မြန်မာနိုင်ငံကို ပြန်လွှဲပေးမယ်

ရန်ကုန်၊ သြဂုတ် -၁၄-၂၀၁၉

မျိုးဆက် (VOM)

 

ထိုင်းနိုင်ငံရှိ ပြန်လည်ထူထောင်ရေးစခန်းတွေမှာ နေထိုင်နေကြတဲ့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်ကို ပြန်လွှဲပေးသွားမယ်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက သြဂုတ် ၁၃ ရက်နှောင်းပိုင်းမှာ ပြောပါတယ်။

 

လူကုန်ကူးခံရသူတွေ နေရပ်ပြန်ပို့ရေးအတွက် မြန်မာနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ၂၃ ကြိမ်မြောက် အစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ပို့ရေးအစီအစဉ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။

 

လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ဒီနှစ်ကုန်မှာ နှစ်သုတ် ဒါမှမဟုတ် သုံးသုတ်ခွဲပြီး မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းပေးသွားမယ်လို့ ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ညွှန်ကြားရေးမှူး ဆူနီးက ပြောပါတယ်။

 

ထိုင်းနိုင်ငံထဲကို လူကုန်ကူးခံရသူတွေဟာ အတင်းအဓမ္မ အလုပ်စေခိုင်းတာတွေ၊ တောင်းရမ်းခိုင်းတာတွေနဲ့  အမျိုးသမီးတွေကို ပြည့်တန်ဆာအဖြစ် အတင်းအကျပ်လုပ်ကိုင်စေတာ စတဲ့ပုံစံသုံးမျိုးနဲ့ အခိုင်းခံနေရပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေထက် အရေအတွက်ပိုများနေတယ်လို့ သူကဆိုပါတယ်။

 

ဒါ့အပြင် အထောက်အထားမပါဘဲ မလေးရှားနိုင်ငံကိုသွားဖို့ ကြိုးစားရင်း အဖမ်းခံထားရတဲ့ တရားမ၀င် မြန်မာနိုင်ငံ အလုပ်သမားတွေကိုလည်း မြန်မာနိုင်ငံကို ပြန်ပို့သွားမှာဖြစ်ပါတယ်။

 

ဒီလိုတရားမ၀င်အလုပ်သမားတွေကိုတော့ နှစ်နိုင်ငံသဘောတူညီချက်အရ ထောင်ဒဏ်ချမှတ်ခြင်းမပြုဘဲ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ပေးမှာဖြစ်ပါတယ်။

 

လူကုန်ကူးခံရသူတွေ ပြန်လည်လွှဲပြောင်းရေးအတွက် မြန်မာနဲ့ ထိုင်းတာဝန်ရှိသူတွေဟာ ခြောက်လတစ်ကြိမ် ပုံမှန်အစည်းအဝေးတွေ ပြုလုပ်လေ့ ရှိပါတယ်။

 

နှစ်နိုင်ငံသဘောတူညီချက်အရ လစဉ်မြန်မာလုပ်သား နှစ်သိန်းကျော်ဟာ ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ကိုင်ဖို့အတွက် သွားရောက်နေကြပါတယ်။ ဒါပေမယ့် တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေလည်း အများအပြား ရှိနေပါတယ်။

 

Ref : AsiaNews

Photo : Getty Images

 

#voiceofmyanmar #လူကုန်ကူး #မြန်မာ #ထိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW