မြစ်ကြီးနား၊ သြဂုတ် ၂၁ – ၂၀၁၉
ရန်အောင်ထွန်း(VOM)
မြစ်ကြီးနား ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂတွေက ဦးစီးပြုလုပ်တဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ဒီနေ့ သြဂုတ် ၂၁ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး အချက် ၃ ချက် တောင်းဆိုခဲ့ပါတယ်။
B.A(Edu) နဲ့ B.Sc (Edu) ဘွဲ့တွေအတွက် ပွင့်လင်းမြင်သာပြီး တိကျတဲ့ မူဝါဒ ချမှတ်ပေးဖို့၊ ပညာရေးဝန်ထမ်းတွေ အဝေးသင်တက္ကသိုလ် တက်ရောက်တဲ့အခါ လစာဖြတ်တောက်မှု မပြုဖို့ ၊ ကျောင်းသားသမဂ္ဂတွေကို ဖိနှိပ်မှုတွေမပြုဖို့ စတာတွေတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
တောင်းဆိုထားတဲ့ အချက်တွေအပေါ် အစိုးရဘက်က တုံ့ပြန်လာမှုနဲ့ ပတ်သက်ပြီးလည်း ” ဝန်ကြီးဌာနဘက်က ဒီတောင်းဆိုမှုတွေကို အရေးယူမပေးဘူး၊ ဆောင်ရွက်မပေးဘူးဆိုရင် လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်။ အခုတောင်းဆိုတာတွေ မရမချင်း ဆက်လုပ်သွားဖို့ရှိပါတယ်။ “လို့ မြစ်ကြီးနား ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်အောင်က ပြောပါတယ်။
ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီက ဦးဆောင်တဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို တစ်ရက်ကို ၂ ကျောင်းနှုန်းနဲ့ ပြုလုပ်နေပြီး သြဂုတ်လ ၁၉ ရက်က မန္တလေးနဲ့ မုံရွာ ပညာရေးကောလိပ်၊ သြဂုတ် ၂၀ ရက်က လားရှိုးနဲ့ ပခုက္ကူပညာရေးကောလိပ်၊ ဒီနေ့မှာတော့ ရန်ကုန်မြို့ ရန်ကင်းပညာရေးကောလိပ်နဲ့ မြစ်ကြီးနား ပညာရေးကောလိပ်တို့မှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
တောင်းဆိုမှုတွေ မရမချင်း ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး အဲဒီလှုပ်ရှားမှုတွေကို ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂတွေ ချိတ်ဆက်ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
#voiceofmyanmar #ဖဲကြိုးစိမ်းလှုပ်ရှားမှု #မြစ်ကြီးနား