မြန်မာနိုင်ငံမှာ မဏ္ဍိုင် ဘယ်နှခုရှိသင့်သနည်း

မန္တလေး၊ သြဂုတ် – ၂၄-၂၀၁၉

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာထိန်းသိမ်းကာကွယ်ပါမည်လို့ သစ္စာပြုထားသူတွေကတော့ မဏ္ဍိုင် ၃ ရပ်ပဲရှိတယ်လို့ ဖြေကောင်း ဖြေပါလိမ့်မယ်။  တချို့ကြတော့လည်း  အရင်အစိုးရတုန်းကတော့ ပြည်သူကိုပါမဏ္ဍိုင်တစ်ရပ်အနေနဲ့ထည့်ပြီး မဏ္ဍိုင် ၅ ရပ်ရှိတယ်လို့ ပြောခဲ့တာ ကြားဖူးကြောင်း ဖြေသူလည်းရှိနိုင်သလို သတင်းသမားအတော်များများကတော့ ကျွန်တော်တို့၊ ကျွန်မတို့သည် ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ထိမ်းမတ်ပေးဖို့  စတုတ္ထမဏ္ဍိုင်အဖြစ် ရှိနေတာပါလို့  ဖြေသူတွေလည်း ရှိပါတယ်။

 

 

သြဂုတ်လ ၂၃ ရက်နေ့က မီဒီယာကောင်စီရဲ့ စီစဉ်ဆောင်ရွက်ပေးမှုနဲ့  မန္တလေးတိုင်းမှာ မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲဆိုပြီး ဟိုတယ်မန္တလေးမှာ ကြီးကျယ်ခမ်းနားစွာကျင်းပပေးခဲ့ပါတယ်။ ဒီပွဲမှာ လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က သူ့ရဲ့  အဖွင့်အမှာစကားမှာလည်း မဏ္ဍိုင် သုံးရပ်ကိုပဲ ဇောင်းပေးပြောခဲ့သလို သတင်းမီဒီယာတွေရဲ့  ကျင့်ဝတ်စောင့်ထိမ်းမှု အားနည်းတာတွေကို ထောက်ပြ ပြောဆိုခဲ့ပါတယ်။ သူ့အမှာစကားပြောအပြီး သတင်းမီဒီယာတွေက မေးမြန်းခွင့်ရတဲ့ အချိန်မှာလည်း မီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် မြင်စေချင်ပေမယ့် လက်ရှိမှာ ဖြစ်ပြီလားလို့ ပြန်လည်မေးခွန်းထုတ်ပြီး အခြေခံဥပဒေမှာ မဏ္ဍိုင် ၃ ရပ်ပဲရှိကြောင်းနဲ့  စတုတ္ထမဏ္ဍိုင်အဖြစ် ဘယ်သူက ဆုံးဖြတ်မှာလဲလို့ပဲ ဖြေခဲ့ပါတယ်။

 

 

ဒီလိုသဘောထားမျိုးဟာ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေ အမှာစကားတွေမှာ ကြားဖူးပြီးသားမို့ မဆန်းပါဘူး။ မဆန်းပဲနဲ့ ဘာလို့ အကျယ်တဝံ့ ပြန်ရေးပြနေသလဲဆိုရင် တကယ်တော့ မဏ္ဍိုင်ကြီး ၃ ရပ်ကို စောင့်ကြည့်ဖို့  နောက်ထပ်အဖွဲ့အစည်းတခု မလိုအပ်ဘူးလား။ ဗီအိုအမ်အနေနဲ့ကတော့ လိုအပ်တယ်လို့ ဆိုချင်ပါတယ်။ ဘာလို့ လိုသလဲဆိုရင် မဏ္ဍိုင်တခုချင်းစီက ကိုယ့်အလုပ်ကို လွတ်လွတ်လပ်လပ် ဥပဒေအတိုင်း လုပ်ပိုင်ခွင့်အတိုင်း လုပ်နိုင်ရင်တော့ ကိစ္စမရှိပါဘူး။ ဥပမာ အုပ်ချုပ်ရေး အာဏာရှိသူ အစိုးရက ဝင်ရောက်စွက်ဖက်ရင်  ဒါမှမဟုတ် ဖိအားပေးရင် လွတ်လပ်တဲ့  ဥပေဒပြုရေး၊ တရားစီရင်ရေးဆိုတာ  ဖြစ်လာမှာမဟုတ်တဲ့အတွက် စောင့်ကြည့်ထိမ်းမတ်ပေးတဲ့  စတုတ္ထအဖွဲ့အစည်းတစ်ခု မရှိမဖြစ်လိုပါတယ်။ ဒါမှ စတုတ္ထအဖွဲ့အစည်းက ပြည်သူကို အမှန်အတိုင်း ပြန်လည်တင်ပြ အစီရင်ခံနိုင်မှာ ဖြစ်ပါတယ်။

 

 

ဒီနေရာမှာ အဲဒီစတုတ္တအဖွဲ့အစည်းလို့ခေါ်ခေါ်၊ စတုတ္ထမဏ္ဍိုင်လို့ခေါ်ခေါ်၊ ခြံစောင့်ခွေးလို့ခေါ်ခေါ် ကြားနေရမယ့် ပြည်သူကို သတင်းမှန်တင်ပြပေးရမယ့် သတင်းမီဒီယာက ဘက်လိုက်မှုကင်းကင်းနဲ့ အမှန်အတိုင်း ပြည်သူကိုတင်ပြဖို့ တာဝန်ရှိပါတယ်။ အဲလိုတင်ပြမှ ပြည်သူက သူတို့သဘောထားအတိုင်း ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအမှန်တွေကို တင်ပြတဲ့အခါ  မဏ္ဍိုင်ကြီး ၃ ရပ်မှာ မမှန်ကန်သူတွေ အထိနာသွားနိုင်ပေမယ့် မှန်ကန်သူအတွက်ကတော့ အနာမရှိလို့ စပ်စရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။

 

 

လက်ရှိ သတင်းမီဒီယာလောက အခြေအနေကတော့ ပွင့်လင်းလာတဲ့ အချိန်မှာ အုတ်ရောရော ကျောက်ရောရောဖြစ်နေချိန်မို့ ကျင့်ဝတ်လိုက်နာသူတွေရှိသလို လိုက်နာမှုအားနည်းပြီး ပြည်သူအထင်သေးစေမယ့် အလုပ်တွေလုပ်နေတဲ့  မီဒီယာပုံဖျက်တဲ့ အဖွဲ့အစည်းတွေ ရှိနေပါတယ်။ နောက်တခုကလည်း ဆိုရှယ်မီဒီယာနဲ့ ပရော်ဖက်ရှင်နယ်မီဒီယာကို အုပ်ချုပ်သူရော၊ ပြည်သူရော ခွဲခြားနားလည်ပေးဖို့ လိုပါမယ်။ တချို့က သူတို့ရေးချင်ရာရေးလို့ရတဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေ ကြားတာတွေ၊ မြင်တာတွေ သတင်းမှားတွေ ရေးထားတာတွေ ရှိပါတယ်။ တချို့က သတင်းဌာန အယောင်ဆောင်ပြီး ရေးတာတွေတောင် ရှိတာတွေ့ရပါတယ်။ ဒါတွေကို ဖတ်မိသူတွေက သတင်းမီဒီယာတွေဟာ မဟုတ်တာပြောတယ်ဆိုပြီး ဝါးလုံးသိမ်းရမ်းတာတွေရှိသလို အစိုးရပိုင်းကလည်း အဲလို ထင်မြင်နေတာတွေကို စိတ်မကောင်းစွာတွေ့ရပါတယ်။

 

 

ဒီလို မီဒီယာအတုတွေ၊ သတင်းသမားအယောင်ဆောင်တွေကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကနေ ပြည်သူသိအောင် ရှင်းလင်းဖေါ်ထုတ် တင်ပြပေးနေပါတယ်။ အရေးယူမှုအပိုင်းကတော့ ဥပဒေ၊  နည်းဥပဒေတွေနဲ့ ချိန်နေသေးတဲ့အတွက် လုံးဝအမြစ်ပြတ် ချေမှုန်းနိုင်ခြင်း မရှိသေးပါဘူး။

 

မြန်မာ့သတင်းမီဒီယာလောကအခြေအနေဟာ လက်ရှိအနေအထားမှာ မမှန်ကန်တဲ့ မီဒီယာအယောင်ဆောင်တွေကြောင့် ပုံဖျက်ခံရတာတွေကို ရှင်းလင်းနေရသလို ပြောင်းလဲလာတဲ့ အင်တာနက်ခေတ်ကြီးမှာ သတင်းဌာနတွေ ရပ်တည်နိုင်ဖို့ အတော်ရုန်းကန်နေရချိန်မှာ  ဆိုရှယ်မီဒီယာကို အံတုဖို့ အခက်အခဲတွေအများကြီး ရှိနေပါတယ်။

 

အချုပ်ပြောရရင်တော့ အစိုးရကိုယ်တိုင်က ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ကို ငွေကုန်ကြေးကျခံဖွဲ့ပေး စောင့်ကြည့်ပြီး ဆိုရှယ်မီဒီယာပေါ်တက်လာမှ အရေးယူတာတွေ လုပ်လာတာကြောင့် ဆိုရှယ်မီဒီယာဟာ  ပိုမိုအရေးပါတဲ့ အနေအထားမှာ ဖြစ်နေတာပါ။ ဒီတော့ သတင်းမှန်ရဖို့အတွက် သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာကို ကွဲကွဲပြားပြားမြင်နိုင်မှသာ အမှန်အမှားကို ရှင်းရှင်းလင်းလင်း ဝေခွဲဆုံးဖြတ်နိုင်ပါတယ်။

 

ဗီအိုအမ် အယ်ဒီတာအဖွဲ့ရဲ့ အာဘော်ကတော့ စတုတ္ထမဏ္ဍိုင်အဖြစ် အသိမှတ်ပြုရေး၊ မပြုရေးက အဓိကမဟုတ်ဘဲ ပြည်သူအတွက် Watch Dog ပီသရေးကိုသာ အာရုံထားပြီး ကိုယ့်တာဝန်ဖြစ်တဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကို စောင့်ကြည့်ပြီး သတင်းမှန်တွေကို တင်ပြပေးသွားမယ်ဆိုတာ တင်ပြအပ်ပါတယ်။

 

Voice Of Myanmar (VOM)

အယ်ဒီတာအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW