စဥ့်ကိုင်မှာ နေအိမ်မီးလောင် သုံးနှစ်နဲ့ ငါးနှစ်အရွယ် ကလေးနှစ်ဦးသေဆုံး

စဥ့်ကိုင်၊ သြဂုတ် ၃၀ – ၂၀၁၉

ဖြူဖြူ (VOM)

 

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်မှာ နေအိမ်မီးလောင်ရာက အိမ်ထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ စဥ့်ကိုင်မြို့မရဲစခန်းက သိရပါတယ်။

 

“ကလေးနှစ်ဦး မီးကျွမ်းသွားတယ်ဗျ။ သူ့ရဲ့မိဘတွေက အလုပ်သွားတော့ တံခါးပိတ်ခဲ့တယ်ထင်တယ်၊ ကလေးတွေက ငါးနှစ်နဲ့ သုံးနှစ်ဆိုတော့ ထွက်မပြေးတတ်ဘူးလေ။”လို့ စဥ့်ကိုင်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဒီနေ့ သြဂုတ် ၃၀ ရက် မနက်ပိုင်းက စဥ့်ကိုင်မြို့နယ် သပြေရိုးရွာရှိ ဦးတင်ဝင်းဆိုသူရဲ့နေအိမ်မှာ ရေခဲသေတ္တာ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းရာကနေ နေအိမ်ထဲမှာ ရှိနေတဲ့ ၃ နှစ်အရွယ် မိန်းကလေးနဲ့ ၅ နှစ်အရွယ် ယောက်ျားလေးတို့ မီးလောင်ကျွမ်းသေဆုံးခဲ့တာ ဖြစ်ပါတယ်။

 

မီးလောင်ကျွမ်းမှုကြောင့် ကလေးနှစ်ဦးသေဆုံးခဲ့သလို ကျပ် ၂၇၂၀၀၀ ကျော်ဖိုးပျက်စီးဆုံးရှုံးခဲ့ပေမယ့် အနီးပတ်ဝန်းကျင်မှာ ထိခိုက်လောင်ကျွမ်းမှု မရှိဘူးလို့ သိရပါတယ်။

 

မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး ကလေးနှစ်ဦးရဲ့အဖေဖြစ်သူ အိမ်ပိုင်ရှင် ဦးတင်ဝင်းကို ရာဇသတ်ကြီးပုဒ်မ ၂၈၅( မီး သို့မဟုတ် မီးလောင်လွယ်တဲ့ အရာဝတ္ထုနဲ့ ပတ်သက်လို့ ပေါ့လျော့ခြင်း)၊ ၃၀၄-က (ပေါ့လျော့ခြင်းဖြင့်သေစေမှု) နဲ့အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ စဥ့်ကိုင်မြို့မရဲစခန်းက သိရပါတယ်။ စဥ့်ကိုင်မြို့နယ်အတွင်း ဒီနှစ်ထဲမီးလောင်ကျွမ်းမှုဟာ ဒီတစ်မှုပဲရှိသေးတယ်လို့လည်း သိရပါတယ်။

 

#voiceofmyanmar #စဥ့်ကိုင် #မီးလောင်

 

ဓါတ်ပုံ – စဥ့်ကိုင်မြို့ သတင်းစာမျက်နှာ

Related posts

Leave a Comment

VOM News

FREE
VIEW