တိုက်ပွဲတွေရပ်ရေး ကြိုးပမ်းမယ်လို့ ကျိုင်းတုံ အစည်းအဝေးက ထုတ်ပြန်

သြဂုတ် ၃၁- ၂၀၁၉

VOM

 

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံး ရပ်တန့်နိုင်ရေးအတွက် ပူးပေါင်းလုပ်ကိုင်မယ်လို့ ကျိုင်းတုံမြို့မှာ ဒီနေ့ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်ခတ်ရပ်စဲရေး စည်းဝေးကနေ ထုတ်ပြန် ကြေငြာလိုက်ပါတယ်။

 

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်၊ တပ်မတော်က ကိုယ်စားလှယ်တွေ၊ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO)၊ တအာင်း အမျိုးသားများ လွတ်မြောက်ရေးအဖွဲ့ (PSLF / TNLA)၊ ရခိုင်တပ်ဖွဲ့ဖြစ်တဲ့ (ULA) နဲ့ ကိုးကန့်အဖွဲ့ဖြစ်တဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNTJP) တို့ တွေ့ဆုံဆွေးနွေးအပြီးမှာ ပူးပေါင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံး ရပ်တန့်ရေးအတွက် နှစ်ဖက်သဘောတူ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးကို ဦးတည်ပြီး ဒီနေ့ ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။

 

“ဆွေးနွေးပွဲတွင် တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများ မဖြစ်ပွားရန် မည်သို့ဆောင်ရွက်မည်ဆိုသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ ရယူရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြပါသည်” လို့ အဆိုပါ ပူးတွဲ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

နှစ်ဖက် အပစ်ခတ် ရပ်စဲမှု၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲမှုတွေနဲ့ ပတ်သက်ပြီး၊ လာမယ့် စက်တင်ဘာ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့မှာ ထပ်မံတွေ့ဆုံ ဆွေးနွေးကြဖို့ သတ်မှတ်ထားပြီး နေရာကိုတော့ ညှိနှိုင်းဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – ဦးလှမောင်ရွှေ Facebook

 

#VoiceOfMyanmar #KengTung #CeaseFire #ကျိုင်းတုံ #အပစ်ခတ်ရပ်စဲရေး

Related posts

Leave a Comment

VOM News

FREE
VIEW