ရန်ကုန် ၊ စက်တင်ဘာ ၁၅-၂၀၁၉
သူရိန် (VOM)
ရန်ကုန်မြို့ပတ်ရထားစီးနင်းခကို ဂျပန်ကနိုင်ငံတကာစံ နှုန်းနဲ့အညီ ၄ ဒေါ်လာသတ်မှတ်ထားမှုကိုပြန်တွက်ချက်မယ်လို့မြန်မာ့မီးရထား(အောက်မြန်မာပြည်)ရုံးကသိရပါတယ်။
“ ဂျပန်က တွက်ထားတာရှိတယ်။ ဂျပန်ကစက်နဲ့တွက်ထား တာဆိုတော့ သိပ်မကိုက်ဘူး။ လက်ရှိနှုန်းထားပေါ်မှာ အခြေခံပြီးတော့ တွက်ရမှာ။ စီးနေတဲ့ လူတွေက တကယ် သုံးနိုင်မသုံးနိုင်နှုန်းထားသတ်မှတ်ရမယ်။သူတို့တွက်ထားတာက တစ်မိုင်ကို ၇၀၀ ကနေ ၉၀၀ထိသတ်မှတ်ထားတာ။ လူထုက မတတ်နိုင်ဘူး။ ၁၀မိုင်ဆိုရင်တောင် ၇၀၀၀ ဖြစ်နေပြီ။ နိုင်ငံတကာစံနှုန်းနဲ့ တွက်ထားတာဆိုတော့ ၄ ဒေါ်လာလောက်ဖြစ်နေတယ်။ အဆင်မပြေဘူး ပြန်တွက်ချက်ရအုံးမယ်” လို့မြန်မာ့မီးရထား(အောက်မြန်မာပြည်)ရုံးကအထွေထွေမန်နေဂျာ ဦးအောင်သူလတ်က ပြောပါတယ်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ရဲ့ အကူ အညီနဲ့အဆင့်မြှင့်တင်ဆောင်ရွက်နေပြီး ပြီးစီးသွားရင် တွဲဆိုင်းအသစ်နဲ့ ပြောင်းလဲပြေးဆွဲသွားမှာဖြစ်တဲ့အတွက် နှုန်းထားခကို ခေတ်စနစ်နဲ့အညီ ပြောင်းလဲကောက်ခံမယ်လို့သိရပါတယ်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းရဲ့အရှည်က ၂၉ ဒဿမ ၅ မိုင်ရှည်ပြီး မြို့တစ်ပါတ်ရထားခုတ်မောင်းချိန်က၂ နာရီ မိနစ် ၅၀ ကြာချိန်ရှိလို့အဆင့်မြှင့်တင်ပြီးရင် ၁ နာရီ မိနစ် ၅၀ သာ ကြာမြင့်မယ်လို့သိရပါတယ်။
လက်ရှိ ရထားစီးသည့်ခရီးသည်ဦးရေမှာ ၇၀၀၀၀ ဝန်း ကျင်သာရှိပြီး လူတယောက်အတွက် ရထားခကျသင့်ငွေဟာ ၂၀၀ကျပ်ပဲရှိပါတယ်။
ဂျပန်နိုင်ငံက ODA လုံးချေးငွေ ကန်ဒေါ်လာ ၂၀၆ ဒသမ ၅၃သန်းနဲ့ အချက်ပြဆက်သွယ်ရေးစနစ်တွေ အဆင့်မြင့်တင်တာ၊ DEMU တွဲဆိုင်း ၆၆ ဆိုင်းဝယ်ယူတာနဲ့ သံလမ်းပြုပြင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဒီစီမံကိန်းပြီးလို့ ပြည်သူအများစီးနိုင်တဲ့ ဈေးနုန်းဖြစ်ရင် ရထားစီးခရီးသည် တနေ့ သုံးသိန်းအထိမျှော်မှန်းထားပါတယ်။
#voiceofmyanmar #ရန်ကုန် #မြို့ပတ်ရထား