ရွှေတောင်မြို့နယ်က အသက် ၄ နှစ်အရွယ်မိန်းကလေးကို သတ်ခဲ့တဲ့တရားခံဖမ်းမိ

အောက်တိုဘာ ၂၈-၂၀၂၀
သိင်္ဂီထွန်း (VOM )

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မကျီးပေါက်ကုန်းအုပ်စု၊ ကျောက်ဖူးကျေးရွာက အသက်၄ နှစ်အရွယ် မိန်းကလေးကိုသတ်ပြီး အလောင်းကို လယ်ကွင်းထဲမှာထားခဲ့တဲ့ တရားခံကို ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

တရားခံဟာ အသက် ၅၀ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကလေးငယ်ပျောက်ဆုံးပြီး ၂ ရက်လောက်ကတည်းက မသင်္ကာတဲ့အတွက် ရွှေတောင်စခန်းမှာ ခေါ်ယူထိန်းသိမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။

“တရားခံကို ပထမထဲက မင်္သကာလို့ စခန်းမှာ ခေါ်ထိန်းသိမ်းထားတာ။ ခု စစ်တာပေါ်တာပေါ့။ ကလေးပျောက်ပြီးထဲက မသင်္ကာတဲ့သူတွေကို ခေါ်ထိန်းသိမ်းထားတာဖြစ်တယ်။ ဘာကြောင့် ကလေးကို သတ်တယ်ဆိုတာကိုတော့ ရဲက စစ်ဆေးတုန်းပဲ။ ဒီနေ့တရားခံကို သရုပ်ပြဖို့ မလုပ်ဖြစ်ခဲ့ပါဘူး။ လူတွေက ဒေါသတွေအရမ်းထွက်နေကြတယ်” လို့ ရွှေတောင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေက ပြောပါတယ်။

အသက် ၄နှစ်အရွယ်မိန်းကလေးကိုသတ်ခဲ့တဲ့ တရားခံကို မိပြီဆိုတဲ့သတင်းနဲ့အတူ ကလေးအလောင်းတွေ့ရှိရာ လယ်ကွင်းအစပ်မှာ တရားခံကို သရုပ်ပြဖို့ လုပ်ဆောင်မယ်ဆိုပြီး ထွက်ပေါ်ခဲ့တာကြောင့် လယ်ကွင်းတစ်လျှောက်မှာ လူစုဝူဝေးဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

“ ညနေတုန်းကတော့ ဒီက သွားတယ်။ သွားပေမယ့် ဒီနေ့ တရားခံနဲ့ သရုပ်ပြမစစ်ဖြစ်ဘူး။ တရားခံကတော့ မိပြီလို့ပြောတယ်”လို့ ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ကျသူတစ်ဦးက ပြောပါတယ်။

ကလေးငယ်ဟာ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ကလေးငယ်အချင်းချင်း ဆော့ကစားနေရာကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၂၆ ရက်နေ့ကမှ ကျောက်ဖူးကျေးရွာနဲ့ ကန်သုံးဆင့်ရွာအကြားက လယ်ကွင်းစပ်မှာ ကလေးငယ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တရားခံကို အရင်က လူပျောက်မှုနဲ့ အမှုဖွင့်ထားပေမယ့် လက်ရှိမှာတော့ ရွှေတောင်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ အဖြစ် ပြောင်းလဲဖွင့်လှစ်ပြီး ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။

Photo – Myanmar Rescue Pyay
#voiceofmyanmar #VOM #ရွှေတောင် #အသက်၄နှစ်မိန်းကလေး #လူသတ်တရားခံဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW