ရှမ်းပြည်နယ်က ကျေးရွာ ၃ ခုကို ရွေးကောက်ပွဲ‌ကျင်းပဖို့ ပြန်လည်ခွင့်ပြုပေမယ့် မိုင်းကိုင်မြို့နယ်မပါဝင်

အောက်တိုဘာ ၂၈-၂၀၂၀
နေနန်းနွယ်(VOM)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ကြေငြာချက်ထဲမှာ ရှမ်းပြည်နယ်ရှိ မြို့နယ် ၃ ခုက ကျေးရွာအုပ်စု ၂ ခုနဲ့ ရပ်ကွက်တစ်ခု ပါဝင်ခဲ့ပေမယ့် မိုင်းကိုင်မြို့နယ်ပါဝင်မှုမရှိဘူးလို့ သိရပါတယ်။

“မနေ့ကကြေညာချက်မှာ မူဆည်၊ လားရှိုးနဲ့ ကွမ်းလုံက ‌ရွာ ၂ ရွာနဲ့ ရပ်ကွက်တစ်ခု ပါတယ်၊ ဒါပေမယ့် သူတို့ မိုင်းကိုင်ကို ပိုပြီးတော့ စဉ်းစားပေးရမှာလေ၊ မိုင်းကိုင်ကိုကျတော့ ဘာမှ မစဉ်းစားပေးဘူးဆိုတော့ ဒီကြေညာချက်ကတော့ ဘာမှ သိပ်ပြီးထူးခြားတယ်လို့ ပြောလို့ မရပါဘူး” လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောပါတယ်။

မိုင်းကိုင်မြို့နယ်လိုမျိုး လုံခြုံရေးပြဿနာ၊ တိုက်ပွဲတွေမရှိတဲ့နေရာကို ရွေးကောက်ပွဲကျင်းပခွင့်မပြုတာကိုတော့ ဘယ်လိုအကြောင်းပြချက်ကြောင့် ခွင့်မပြုဘူးဆိုတာကို UECက တိတိကျကျ ထုတ်ပြန်သင့်တယ်လို့ စိုင်းကျော်ညွန့်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က “ရွေးကောက်ပွဲ ကျင်းပခြင်းမပြုနိုင်သည့် နယ်မြေများ” စာရင်းကို အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာတော့ ရှမ်းပြည်နယ်ရှိ မြို့နယ် ၆ ခု လုံးအပြင် နောက် မြို့နယ် ၁၇ ခုအတွင်းရှိ ကျေးရွာအုပ်စု ၁၃၃ ခု နှင့် ရပ်ကွက် ၇ ခု ပါဝင်ခဲ့ပါတယ်။

အခုအခါ ရွေးကောက်ပွဲပြန်လည်ကျင်းပခွင့်ပြုတဲ့ နေရာတွေကတော့ မူဆယ်မြို့နယ်ရှိ တော်ရွက်ရပ်ကွက်၊ လားရှိုးမြို့နယ်ရှိ မယ်ဟန်ကျေးရွာအုပ်စု၊ ကွမ်းလုံမြို့နယ်ရှိ မန်ပြိန်းကျေးရွာအုပ်စု တို့ပဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မိုင်းကိုင် #ရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW