ဗီယက်နမ်မှာ အင်အားပြင်းမုန်တိုင်းကြောင့် လူ ၂၅ ဦးသေဆုံး၊ အများအပြားပျောက်ဆုံးနေ

ဟနွိုင်း၊ အောက်တိုဘာ-၂၉-၂၀၂၀
မျိုးဆက် (VOM)

ဒေသတွင်းမှာ ဆယ်စုနှစ်များအတွင်း အင်အားပြင်းမုန်တိုင်းတစ်ခုဖြစ်တဲ့ မိုလာဗီတိုင်ဖွန်းမုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေဖြစ်ပွားပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ရာပေါင်းများစွာသော တပ်ဖွဲ့ဝင်တွေနဲ့ စက်ယန္တရာယားကြီးတွေကို အောက်တိုဘာ ၂၉ ရက်မှာ ဖြန့်ကြက်ချထားလိုက်ပါတယ်။

နိုင်ငံအလယ်ပိုင်း ကွမ်နမ်ပြည်နယ်ရှိ ကျေးလက်ဒေသတွေမှာ မြေပြိုမှုများဖြစ်ပွားခဲ့တာကြောင့် လူ ၁၃ ဦးသေဆုံးပြီး ၄၀ ဦးပျောက်ဆုံးနေကာ မုန်တိုင်းအပြီးမှာ ရာသီဥတုဆိုးရွားမှုကြောင့် ကယ်ဆယ်ရေးအားထုတ်မှုတွေ နှောင့်နှေးခဲ့ရတယ်လို့ ဗီယက်နမ်အစိုးရက ဆိုပါတယ်။

ပင်လယ်ပြင်အတွင်းမှာလည်း ငါးဖမ်းသမား ၁၂ ဦး သေဆုံးသွားတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိမိတို့အနေနဲ့ မုန်တိုင်းလမ်းကြောင်း၊ မိုးရွာသွန်းမှုပမာဏကို ခန့်မှန်းနိုင်ပေမယ့် ဘယ်အချိန်မှာ မြေပြိုမယ်ဆိုတာကိုတော့ မခန့်မှန်းနိုင်ကြောင်း ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် ကကြေညာချက်ထုတ်ပြန်ရာမှာ ပြောပါတယ်။

ဘေးသင့်ဒေသရှိလမ်းမှာ ရွံ့နွံ့တွေဖုံးလွှမ်းနေပြီး မိုးသည်းထန်းစွာရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေပေမယ့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျှင်အမြန်လုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။

အောက်တိုဘာလ အစောပိုင်းမှစပြီး ဗီယက်နမ်နိုင်ငံမှာ မုန်တိုင်းတွေတိုတ်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းတာတွေနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ တစ်သန်းကျော် ဘေးသင့်ခဲ့ပါတယ်။

လက်ရှိတိုက်ခတ်သွားတဲ့ မုန်တိုင်းမိုလာဗီကြောင့် လူသန်းပေါင်းများစွာ လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့ပြီး အိမ်ခြေ ၅၆၀၀၀ ပျက်စီးခဲ့တယ်လို့ ဗီယက်နမ်အစိုးရက ထုတ်ပြန်ထားပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဗီယက်နမ် #အင်အားပြင်းမုန်တိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW