ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံတိုင်း လူများနေပါက ကိုဗစ်ရောဂါပြန့်ပွားသွားမှာကို အကြောက်ဆုံးဖြစ်နေ

နိုဝင်ဘာ ၁-၂၀၂၀
ယဉ်ပပထွန်း(VOM)

နိုဝင်ဘာ ၈ ရက်နေ့မှာပြုလုပ်မယ့် ရွေးကောက်ပွဲ မဲပေးချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်းမဟုတ်ဘဲ မဲရုံတိုင်းမှာ လူများနေပါက ကိုဗစ်ရောဂါပြန့်ပွားသွားမှာကို စိုးရိမ်မူတွေနဲ့အတူ အကြောက်ဆုံးဖြစ်နေပါတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန ပါမေက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက VOM ကိုပြောပါတယ်။

” အကြောက်ဆုံးကတော့ ရွေးကောက်ပွဲနေ့မှာ လူအုပ်နဲ့ထွက်ပြီး ရွေးကောက်ပွဲမဲရုံတွေကို သွားပေးကျမယ့်ကိစ္စ၊ အဲ့ဒီနောက်ပိုင်း ဘယ်လိုဖြစ်လာမလဲဆိုတာ ကျန်းမာရေးဝန်ထမ်းတွေကတော့ မမှန်းနိုင်သေးဘူး ။ တန်းစီတာကလည်း စနစ်တကျနဲ့ရွေးကောက်ပွဲမဲရုံတွေကိုလည်း သေသေချာချာလုပ်နိုင်ဖို့လိုပါတယ် ။ သတ်မှတ်ထားချက်အတိုင်းပြဌာန်းထားတယ်ဆိုပေမယ့် မဲရုံဆိုတာက တစ်နေရာနဲ့တစ်နေရာ တူတာမဟုတ်ဘူးလေ ။ သူတို့ပြထားတဲ့ နမူနာမဲရုံကတော့ ကောင်းတာပါ့ ။ မဲရုံတိုင်း အဲ့ဒီအတိုင်းမှမဟုတ်တာ ။ အဲ့ဒီအတွက်ကြောင့် စိုးရိမ်မှုရှိနေတယ်”လို့ ဒေါက်တာမော်မော်ဦးကပြောပါတယ် ။

ဒါ့အပြင် ရန်ကုန်မှာနေထိုင်တဲ့ လူတချို့က သက်ဆိုင်ရာနယ်ဘက်တွေမှာ မဲပေးဖို့ပြန်နေပြီဆိုရင်လည်း ပိုကြောက်နေရတဲ့အတွက် ဆေးရုံတွေကိုတော့ အမြဲပြင်ဆင်နေပါတယ်လို့ ဒေါက်တာမော်မော်ဦးကသုံးသပ်ပြောပါတယ် ။

” မဲပေးချင်လို့အိမ်ပြန်တယ် ရန်ကုန်ကပိုးတွေ နယ်ယူသွားရော၊ အဲ့ဒါတွေကလည်း ပွားနိုင်တယ် ။ နေရာပေါင်းစုံပွားနေတာ၊ ဖြစ်ရင် ကျွန်တော်တို့က ပိုပြီး ဒုက္ခရောက်တယ် ” လို့ ဒေါက်တာမော်မော်ဦးကပြောပါတယ် ။

ရန်ကုန်အရှေ့ပိုင်းမှာရှိနေတဲ့ မဲရုံတွေကိုတော့ မဲရုံပြင်ပမှာ ကျန်းမာရေး တာဝန်ထမ်းဆောင်ဖို့အတွက် လူ ၃ ဦး ထားပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်(အရှေ့ပိုင်း)ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးမင်းကိုအောင်က VOM ကိုပြောပါတယ် ။

“မဲရုံတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက်နဲ့တန်းစီတဲ့အခါမှာ ၆ ပေကွာတန်းစီဖို့က လူတစ်ယောက်၊ အပူချိန်တိုင်းဖို့က လူတစ်ယောက်၊ မက်စ်တွေ လိုက်ဝေဖို့က တစ်ယောက်၊ စုစုပေါင်း ၃ ဦးထားပေးထားမှာပါ ။ မဲရုံထဲမှာလည်း လက်သန့်ဆေးတွေ အပြည့်အစုံထားပေးထားမှာပါ ။ တစ်ကယ်လို့မဲလာပေးတာ လူများနေရင် အခြေအနေပေါ်မူတည်ပြီး စီမံသွားရမှာပါ”လို့ ဦးမင်းကိုအောင်ကပြောပါတယ်။

ဒီကနေ့ညနေပိုင်းထိ မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာ ၅၂၇၀၆ဦး၊ သက်သာပျောက်ကင်းသူ ၃၂၇၇၄ဦး၊ သေဆုံးသူ ၁၂၃၇ဦးရှိနေပြီး ရန်ကုန်တိုင်းမှာကတော့ ကိုဗစ်အတည်ပြုလူနာ ၄၀၉၆၆ဦးထိရှိနေတာဖြစ်တယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွေးကောက်ပွဲ #ကိုဗစ်

Related posts

Leave a Comment

VOM News

FREE
VIEW