ကြိုတင်မဲပုံးထဲ ရေဝင်နေတဲ့ကိစ္စဟာ မိုးရေစိမ့်ဝင်ခြင်းသာဖြစ်

နိုဝင်ဘာ ၅-၂၀၂၀
သိင်္ဂီထွန်း (VOM)

ပုသိမ်မြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်က ကြိုတင်မဲကောက်ခံထားတဲ့မဲပုံးထဲကို ရေလောင်းထည့်ခံရတယ်ဆိုတာ မဟုတ်ကြောင်း၊ မိုးမိတဲ့အတွက် မိုးရေ စိမ့်ဝင်ခြင်းသာဖြစ်တယ်လို့ ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးငွေစိုးကပြောပါတယ်။

အခုလို ရေဝင်မှုကြောင့် ဆန္ဒမဲလက်မှတ်ထည့်ထားတဲ့စာအိတ်တချို့ ရေစိုမှုရှိခဲ့ပေမယ့်လည်း ပယ်မဲအဖြစ် မသတ်မှတ်ကြောင်းနဲ့ မဲလက်မှတ်ရေတွက်ချိန်မှ အကျုံးဝင်မဲအဖြစ် ထည့်သွင်းရေတွက်မှာဖြစ်တယ်လို့ သိရပါတယ်။

“ရေဝင်တာဟုတ်တယ် ရေတအားဝင်တာမဟုတ်ဘူး။ ငါကိုယ်တိုင်သွားစစ်တာ။ ရပ်ကွက် ၁၄ ကရေဝင်တာ။ရေဝင်တယ်သတင်းပို့တယ်။ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေသွားစစ်တယ်။ ကြိုတင်ဆန္ဒမဲကောက်နေချိန် အိမ်တစ်အိမ်ဝင်တယ်။ ဝင်တော့ အဲ့ဒီအိမ်က ပြည်ခိုင်ဖြိုးပါတီအိမ်မို့လို့ ကျန်တဲ့ ဆန္ဒမဲကောက်နေရာကိုလိုက်တဲ့ ပါတီဝင်တွေကို အဲ့ဒီအိမ်ကို မဲပုံးမတင်ပါနဲ့ဆိုပြီးပြောတယ်။ ဒီတော့ တံစက်မြိတ်အောက်မှာပဲ နေတယ်။ နေတော့မဲပုံးကို ပီနံအိတ်နဲ့ပတ်ထားတယ်။ ပတ်ထားပေမယ့်လည်း ပီနံအိတ်သဘောက ရေစိမ့်ဝင်တာပေါ့။ရေဝင်ပေမယ့်လည်း မဲလက်မှတ်တွေ အကုန်မစိုပါဘူး ။ အဲ့ဒီလက်မှတ်အချို့ပါပဲ”လို့ ဦးငွေစိုးကပြောပါတယ်။

ရေစိုသွားခဲ့တဲ့ ဆန္ဒမဲလက်မှတ်ဟာ အများဆုံး ၂၅ စောင်လောက်သာရှိကြောင်းနဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်၊ တိုင်းရွေးကောက်ပွဲကော်မရှင်ကို အဆင့်ဆင့် တင်ပြခဲ့ပြီး လက်ရှိမှာတော့ အဲ့ဒီမဲပုံးကို အလုံပိတ်ထားကာ နယ်မြေခံရဲစခန်းမှာ အပ်နှံထားတယ်လို့ သိရပါတယ်။

ပုသိမ်မြို့နယ်ဟာ ကိုဗစ်ကူးစက်မှုမြင့်တက်နေတာကြောင့် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက Stay Home အကျုံးဝင်မြို့နယ်အဖြစ်သတ်မှတ်ထားတဲ့အတွက် ကြိုတင်ဆန္ဒမဲတွေကို အိမ်တိုင်ရာရောက် လိုက်လံကောက်ခံနေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #ကြိုတင်မဲပုံးရေဝင် #မိုးရေစိမ့်ဝင်တာဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW