ကန်ကြီးထောင့်မှာ NLDပါတီဝင်တစ်ဦး ခဲနဲ့ထုသတ်ခံရ

နိုဝင်ဘာ ၁၁-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာမှာ မနေ့ နိုဝင်ဘာ ၁၀ရက်နေ့ညပိုင်းက NLDပါတီအောင်ပွဲခံနေတဲ့ ပါတီဝင်ရွာသားတစ်ဦး ခဲနဲ့ထုသတ်ခဲ့ရတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူဟာ NLDပါတီဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်ဇင်ဖြိုးဖြစ်ပြီး ရန်ညှိးမရှိဘဲ
ရည်ရွယ်ချက်ရှိရှိ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ သေဆုံးသူရဲ့ဇနီးဖြစ်သူ မထက်ထက်ထွန်းကပြောပါတယ်။

” သတ်သွားတဲ့သူက ပါတီအောင်ပွဲခံလို့ ထမင်းစားနေချိန် အပြင်ကိုခေါ်ထုတ်ပြီး ကျောက်ခဲနဲ့ထုသတ်ခဲ့တာ၊ ဘုန်း ဆိုတဲ့အသံကြားလို့ လိုက်ကြည့်တော့ သူက အပေါ်ကခွပြီး ကြံ့ခိုင်ရေးကွလို့ ဆိုပြီး ခဲနဲ့ထုနေတာတွေ့တယ်”လို့ မျက်မြင်တွေ့ရှိသူ ဒေါ်သန်းမော်ကပြောပါတယ်။

လူသတ်မှုကျူးလွန်သူဟာ တစ်ရွာထဲနေတဲ့ မင်းထင်ဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့ကဖမ်းဆီးထားတယ်လို့သိရပါတယ်။

အခင်းဖြစ်တဲ့ညပိုင်းက မင်းထင်ဆိုသူအပြင် အခြားသူ၂ဦးလည်း ပါဝင်နေသေးတယ်လို့
မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“သတ်တဲ့ကောင်လေးက အလုပ်မယ်မယ်ရရတော့မရှိဘူး၊ အဲ့ဒီ အောင်ပွဲခံလို့ထမင်းချက်စားတဲ့နေရာနားက အရက်ဆိုင်မှာ အရက်သောက်နေတာ၊ သူက ရွေးကောက်ပွဲတုန်းက ပါတီတစ်ခုဝန်းရံသူပါ”လို့ မျက်မြင်သက်သေဒေါ်အုန်းမြကပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ သေဆုံးသူနဲ့ စကားများရာကနေ ရန်ဖြစ်တယ်လို့ထုတ်ပြန်ထားတဲ့အပေါ် ဖြစ်စဉ်ဟာမှားယွင်းနေတယ်လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။

“လက်ရှိ အမှုကို ကန်ကြီးထောင့်မြို့မရဲစခန်းက လူသတ်မှုအဖြစ်စစ်ဆေးနေတယ်၊ ပါဝင်ပတ်သက်တဲ့သူတွေကို ဖော်ထုတ်သွားမှာဖြစ်တယ်”လို့ ကန်ကြီးထောင့်မြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးလှမြင့်ကပြောပါတယ်။

သေဆုံးသွားခဲ့တဲ့ NLDပါတီဝင် ကိုအောင်ဇင်ဖြိုးကို ပုသိမ်ဆေးရုံကြီးမှာ ရင်ခွဲစစ်ဆေးခဲ့ပြီး ဒီကနေ့မှာပဲ သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကန်ကြီးထောင့် #NLDပါတီဝင် #အသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW