ဖားကန့်မြို့နယ်မှာ လူငယ်တဦး မီးရှို့သတ်ဖြတ်ခံရ

နိုဝင်ဘာ ၁၁-၂၀၂၀
ဇော်မိုးထက်(VOM)

ဖားကန့်မြို့နယ်၊ လယ်ပြင်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက လူငယ်တဦး မီးရှို့ပြီးသတ်ဖြတ်ခံထားရတာကို တွေ့ရှိခဲ့တယ်လို့ လယ်ပြင်ကျေးရွာတာဝန်ခံရဲ့ပြောပြချက်အရ သိရပါတယ် ။

မီးရှို့ပြီးအသတ်ခံရသူဟာ လယ်ပြင်ကျေးရွာ၊ ကုက္ကိုတန်းရပ်ကွက် (၁)မှာ နေထိုင်သူ နောနော် အသက်(၁၈) နှစ်ဖြစ်ပြီး ကြက်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်တယ်လို့ လယ်ပြင်ကျေးရွာတာဝန်ခံက ပြောပါတယ်။

လယ်ပြင်ကျေးရွာအနီး ဆွတ်အိမ်ယန်ရွာဆိုင်းဘုတ်နဲ့ ကိုက်တရာခန့်အကွာ ဦးတူးခေါင်ရဲ့ တောင်ယာခြံဝန်းထဲမှာ အသတ်ခံရတာဖြစ်ပြီး မူးယစ်ဆေးဝါး အများအပြားရောင်းဝယ်ဖောက်ကားရာ နေရာကိုသွားတဲ့ လမ်းအနီးမှာ သတ်ဖြတ်ခံထားရတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” မူးယစ်ဆေးရောင်းတဲ့ အခန်းတွေကို သွားတဲ့လမ်းဘေးမှာ အလောင်းကိုရေမဆေးသမားတွေ မူးယစ်ဆေးသမားတွေ စတွေ့တာ ၊မီးရှို့ထားတာ ရုပ်ကမသဲကွဲတော့ဘူး”လို့ မျက်မြင်တွေ့ရှိသူ ဆွတ်အိမ်ယန် ရွာသားတဦးက ပြောပါတယ်။

သေဆုံးသူ နေနော်တို့မိသားစုဟာ မိုးကောင်းမြို့၊ ကျွန်းတောဇာတိတွေဖြစ်တယ်လို့သိရပြီး လယ်ပြင်ကျေးရွာ ရပ်ကွက်(၁)မှာ အမဖြစ်သူတွေနဲ့နေထိုင်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ် ။

နောနောပျောက်ဆုံးချိန် လည်ပင်းမှာ တကျပ်သား ရွှေဆွဲကြိုးဝတ်ဆင်ထားပြီး သေဆုံးချိန်မှာ မရှိတော့ဘူးလို့လည်း သေဆုံးသူရဲ့အမဖြစ်သူဆီကနေ သိရပါတယ်။

နေနော်ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး အမဖြစ်သူဟာ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ၈ နေ့က လယ်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လုံးခင်းနယ်မြေရဲစခန်းကို လူပျောက်တိုင်ကြားခဲ့တယ်လို့ လယ်ပြင်ကျေးရွာတာဝန်ခံကပြောပါတယ်။ တိုင်ကြားပြီး လေးရက်အကြာမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ နောနော်ရဲ့အလောင်းကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ရွေးကောက်ပွဲနေ့က ရုံးကို လူပျောက်လာတိုင်ထားတယ် ။လုံးခင်းရဲစခန်းကိုလည်း တိုင်ထားတယ် ။ သူတို့က မိုးကောင်းကျွန်းတော ဇာတိတွေပါ “လို့ ရာအိမ်မှူးကပြောပါတယ်။

နေနော် အသတ်ခံရတာနဲ့ပတ်သက်ပြီး ကာယကံရှင်နဲ့သက်ဆိုင်သူတွေကို မေးမြန်းနေဆဲဖြစ်ပြီး ရဲလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ လုံးခင်းနယ်မြေရဲစခန်းက ပြောပါတယ်။

” အခု သေဆုံးသူအမကို မေးနေတယ် ။အသေးစိပ်တော့ ပြောလို့မရသေးဘူး ၊ စစ်ဆေးနေတုံးပဲရှိသေးတယ် “လို့ လုံးခင်းရဲစခန်းမှ စခန်းမှူးကပြောပါတယ်။

သေဆုံးသူရဲ့အလောင်းကို လုံးခင်းနယ်မြေရဲစခန်းက လာရောက်သယ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူရွာသားတွေက ပြောပါတယ် ။

#voiceofmyanmar #VOM #ဖားကန့် #လူငယ်တစ်ဦး #မီးရှို့အသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW