ရွေးကောက်ပွဲရလဒ်မမျှတလို့ ရွေးကောက်ပွဲပြန်ကျင်းပဖို့ ပြည်ခိုင်ဖြိုးပါတီကတောင်းဆို

နိုဝင်ဘာ ၁၁-၂၀၂၀
အေးချမ်းသူ(VOM)

ရွေးကောက်ပွဲရလဒ်မမျှတတဲ့အတွက် တပ်မတော်နဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပူးပေါင်းပြီး အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့အတွက် ရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်တို့က တောင်း
ဆိုတယ်လို့ ဒီကနေ့ညနေပိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုမရှိဘဲ အာဏာရပါတီရဲ့ မတရားပြုကျင့်မှုတွေနဲ့ မဲလိမ်လည်မှုတွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဘက်လိုက်တဲ့အပြုအမူတွေကြောင့် ပြိုင်ဘက်ပါတီတွေရှုံးနိမ့်ရပြီး လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အတွက် အတည်မပြုဘဲ ကန့်ကွက်ကြောင်း ရန်ကုန်
တိုင်းပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးမင်းမိုးက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲပေးတဲ့နေ့ကစပြီး နိုဝင်ဘာ ၈ရက်နေ့ မဲပေးပြီးတဲ့နေ့အထိ တရားမျှတမှုမရှိတာကိုတွေ့ရတဲ့အတွက် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်တဲ့အပြင် နိူင်ငံတော်သမ္မတကိုယ်တိုင်မဲဆွယ်စည်းရုံးနေတာကို ပြည်သူတွေအသိပဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဒု-ဥက္ကဌ ဦးသန်းထွန်းကပြောပါတယ်။

“၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၆၄မှာဖော်ပြပြီးသား နိုင်ငံတော်သမ္မတ (သို့မဟုတ်) ဒု-သမ္မတများသည် နိူင်ငံရေးပါတီများ၏ အဖွဲ့ဝင်ဖြစ်လျှင် နိူင်ငံတော်သမ္မတ (သို့) ဒု-သမ္မတများသည် တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ ယင်းပါတီ၏ အဖွဲ့အစည်းများ၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ ၊ အခု သမ္မတကိုယ်တိုင်မဲဆွယ်တာကြည့်ပေါ့ “လို့ ဦးသန်းထွန်းကပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု လှည်းကူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကလည်း မဲမသမာမှုတွေအများကြီးပဲ၊ ပိုက်ဆံလေးသောင်းပေးပြီး မဲထည့်ခိုင်းတာတွေလည်း ကန့်ကွက်စာတွေတင်ထားပါတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီကနေ့ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တက်ရောက်လာသူ ကိုယ်စားလှယ်လောင်းတွေနဲ့ပါတီဝင်တွေက ၂၀၂၀ ရွေးကောက်ပွဲကို တရားမျှတမှုမရှိတဲ့အတွက် ကန့်ကွက်ပြီး တပ်မတော်နဲ့ UECပူးပေါင်းကာ ရွေးကောက်ပွဲ ပြန်လုပ်ပေးဖို့တောင်းဆိုသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွေးကောက်ပွဲပြန်ကျင်းပဖို့ #ပြည်ခိုင်ဖြိုးတောင်းဆို

Related posts

Leave a Comment

VOM News

FREE
VIEW