ပြည်ခိုင်ဖြိုးပါတီအနေနဲ့ မသန်စွမ်းတွေကို တရားဝင်တောင်းပန်ဖို့ ကြေငြာချက်ထုတ်

နိုဝင်ဘာ ၁၅-၂၀၂၀
ယဉ်ပပထွန်း(VOM)

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲမှာ မသန်စွမ်းတွေကို ‘မသန်မစွမ်း’လို့ သုံးစွဲခဲ့တာနဲ့ပတ်သက်ပြီး တရားဝင်တောင်းပန်ဖို့အတွက် မြန်မာနိုင်ငံအတွင်းရှိ နားမကြား အဖွ့ဲအစည်းများ ၊ မသန်စွမ်း အဖွဲ့အစည်းများ ၊ မသန်စွမ်းတတ်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဖက်အဖွဲ့ အစည်း ၉၀ကျော်က မနေ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ သဘောထားကြေငြာချက် ထုတ်ပြန်ထားပါတယ် ။

နိုဝင်ဘာ ၁၁ ရက်က ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာမှာ အစ္ခရံကျေးရွာက စာမတတ်သူ၊ စကားမပြောတတ်သူ၊ နားမကြားသူ ဒေါ်ဝင်းစန္ဒာခိုင် ဆန္ဒမဲပေးတာကို ကန့်ကွက်ရေးသားမှုနဲ့အတူ နိုဝင်ဘာ ၁၂ ရက်ကလည်း မသန်စွမ်းသူတွေကို ‘မသန်မစွမ်း’လို့ ရေးသားဖော်ပြထားတာကြောင့် ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တရားဝင်တောင်းပန်ဖို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

“ မသန်စွမ်းတဲ့လူ၊ နား အကြားအာရုံမသန်စွမ်းတဲ့သူ၊ စာမဖတ်တဲ့လူတစ်ယောက်ကို ရွေး ကောက်ပွဲမှာ မဲပေးခွင့်ပေးတာက မသမာမှုအနေနဲ့ ဖော်ပြထားပါတယ်။ သူတို့ ဖော်ပြချက်က အမှန်ဆိုရင် တရားဥပဒေအရရော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရရော လူ့အခွင့်အရေးအရရော မှားယွင်းနေတဲ့အချက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့လူတွေကို ဖော်ပြထားတယ်။ မဲပေးခွင့်မရှိတဲ့လူတွေထဲမှာ မသန်စွမ်းတဲ့လူတွေ မပါပါဘူး။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ နိုင်ငံသားများရဲ့ မဲပေးခွင့်ကို သေချာမလေ့လာထားတာ ဖြစ်ပါတယ်“လို့ ကြေငြာချက်ထုတ်ပြန်ရာမှာပါဝင်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက VOMကိုပြောပါတယ်။

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ နိုင်ငံ တကာစာချုပ်နဲ့ မြန်မာနိုင်ငံရဲ့မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာဥပဒေမှာ မသန်စွမ်းတဲ့လူတွေကို ခွဲခြားခြင်းမရှိရသလို မသန်စွမ်းတဲ့လူတွေက ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့အပြင် အရည်အချင်းပြည့်မှီရင် ရွေးကောက်ပွဲမှာ ပါဝင်ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့လည်း ဖော်ပြထားပါတယ် ။

” ပြောကြားချက်တွေက ပြည်ပမှာရှိတဲ့ နိုင်ငံတကာစံချိန်တွေနဲ့လည်း မကိုက်ညီဘူး၊ ပြည်တွင်းမှာရှိတဲ့ မသန်စွမ်းသူများအခွင့်အရေး ဥပေဒကိုလည်း မလေးစားရာ ရောက်သလို ဒီလိုတွေ ပြောဆိုခြင်းအားဖြင့် မသန်စွမ်းတဲ့လူတွေကို ပိုမိုပြီးတော့ အထင်သေးတဲ့ စိတ်တွေ ဖြစ်စေတယ်။ ဖွဲ့စည်းပုံဥပဒေမှာ ပြုပြင်ပြောင်းလဲထားတယ်။ မသန်မစွမ်းဆိုတဲ့ စကားလုံးကို ဆက်ပြီးသုံးစွဲခြင်းကိုက သူတို့ရဲ့ မှားယွင်းတဲ့အချက်တွေ ဖြစ်တယ်။ မသန်စွမ်းသူများအပေါ် အများကြီး သက်ရောက်မှုရှိစေတဲ့အတွက်ကြောင့်မို့လို့ တရားဝင်တောင်းပန်ဖို့အတွက် ကြေငြာချက်ထုတ်ပြန်တာ ဖြစ်ပါတယ်“လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။

လက်ရှိမှာတော့ တောင်းပန်တာ မလုပ်သေးတဲ့အတွက် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကဏ္ဍတစ်ခုခုမှာ ခွဲခြားတယ်ဆိုရင် ထောင်ဒဏ် တစ်နှစ်ထက်မပိုသောပြစ်ဒဏ် ငွေ ၁၀ သိန်းအထိ ချမှတ်နိုင်တဲ့ တရားဥပဒေနည်းလမ်းရှိနေတာကြောင့် အဲ့ဒီလမ်းကြောင်းကိုသွားမလားဆိုတာကိုလည်း ဆွေးနွေတိုင်ပင်နေတာလို့ သိရပါတယ်။

“ ဒါအပြင် ပါတီတစ်ခုအနေနဲ့ လူထုထောက်ခံချက် မသန်စွမ်းသူတွေရဲ့ အားပေးထောက်ခံချက်ကတော့ ဘယ်လိုမှ ရမှာမဟုတ်တော့ပါဘူး။ သက်ရောက်မှုက ပိုဆိုသွားပါတယ်။ နိုင်ငံရေးပါတီဆိုတာ ပြည်သူ့တွေရဲ့အသံကို နားထောင်ရတယ်။ အခုလိုမျိုးပြောကြားချက်ချက်ကို မတောင်းပန်ခြင်းအားဖြင့် ပြည်သူလူထုကို မလေးစားခြင်း၊ မသန်စွမ်းသူတွေကို မလေးစားတဲ့ ပုံစံဖြစ်တဲ့အတွက်ကြောင့် သူရဲ့ အားပေးထောက်ပံ့ခြင်းအများကြီး မရတော့မှာ ဖြစ်ပါတယ် “လို့ ဦးအောင်မျိုးမင်းက သုံးသပ်ပြောဆိုပါတယ်။

အခုလိုဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီက တာဝန်ရှိသူကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖြေကြားပေးတာမရှိသေးပါဘူး။

#voiceofmyanmar #VOM #ရန်ကုန် #ပြည်ခိုင်ဖြိုး #မသန်စွမ်း

Related posts

Leave a Comment

VOM News

FREE
VIEW