ကာချုပ်အနားယူခြင်းနဲ့ မန္တလေးက ဘော်လန်တီယာဆရာဝန်သေဆုံးဆိုတဲ့ သတင်းမှားပျံ့

မန္တလေး-နိုဝင်ဘာ-၁၇-၂၀၂၀
ဆွေလင်းထွန်း+နေလင်း(VOM)

ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်မှာ သတင်းအမှားနှစ်ခုပျံ့နှံ့နေတာကို တွေ့ရပါတယ်။ပထမတခုကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးကနေ အနားယူတယ်ဆိုတဲ့သတင်း လူမှုကွန်ယက်နဲ့ တပ်မတော်ချစ်မြတ်နိုးသူများအုပ်စု ချက်တင်မှာ ရေးသားနေကြတာတွေ့ရပါတယ်။ အဲဒီသတင်းကို တပ်မတော်နဲ့ သက်ဆိုင်တဲ့ ဖေ့ဘုတ်ဂရုတွေမှာ တင်နေကြတာဖြစ်ပါတယ်။ အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ တပ်မတော်အသိုင်းအဝိုင်းကတော့ “ကာကွယ်ရေးဦးစီးချုပ် အနားယူမယ်ဆိုတဲ့ သတင်းက မဟုတ်ပါဘူး။ သတင်းတွေသေချာသိချင်ရင် မြဝတီသတင်းစောင့်ကြည့်ပါ” လို့ VOM ကို ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ လူမှူကွန်ယက်စာမျက်နှာမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကျိုင်းတုံတပ်နယ်နဲ့ နယ်မြေခံတပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းက အရာရှိ၊ စစ်သည်တွေ၊ သင်တန်းသားတွေနဲ့ မိသားစုဝင်တွေကို နိုဝင်ဘာ ၁၆ရက်နေ့က တွေ့ဆုံခဲ့တဲ့ သတင်းကို တင်ထားတာ တွေ့ရပါတယ်။

နောက်တခုကတော့ စဉ့်ကိုင်ကနေ ရန်ကုန်ကို ဗော်လန်တီယာအဖြစ် သွားရောက်ကူညီနေတဲ့ အဆုတ်နဲ့ရင်ခေါင်း အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်သက်ဇော်နဲ့ ဆရာမတစ်ဦး ကွယ်လွန်တယ်ဆိုတဲ့ သတင်းမှားတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ဒေါက်တာအောင်သက်ဇော် ကွယ်လွန်တယ်ဆိုတဲ့သတင်းဟာ ဒီနှစ် အောက်တိုဘာလတုန်းကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ဖူးပြီး အဆိုပါသတင်းမှားကို Nyan Min Htun အကောင့်ကနေ တင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါသတင်းဟာ သတင်းမှားဖြစ်ကြောင်းနဲ့ မန္တလေးမှာ ရင်ခေါင်းအထူးကု (physian or surgeon) အောင်သက်ဇော် လုံးဝမရှိဘူးဆိုပြီး အောက်တိုဘာလကတည်းက သမားတော်ကြီး ဒေါက်တာမောင်မောင်ဦးက သူ့ရဲ့ လူမှူကွန်ရက်စာမျက်နှာကနေတဆင့် အသိပေးထားတာကို တွေ့ရပါတယ်။

ယခုအကြိမ်ပျံ့နှံ့နေတဲ့ သတင်းမှားကို Nay Lin Oo ဆိုတဲ့ အကောင့်ပိုင်ရှင်က လူသိန်းနဲ့ချီရှိတဲ့ ဖေ့ဘုတ်ဂရုတွေထဲကို လိုက်ဖြန့်နေတာဖြစ်ပါတယ်။ ဒီသတင်းမှားကို react ပြုလုပ်သူ ၅၀၀ ကျော်၊ မှတ်ချက်ရေးသားသူ ၆၀ ကျော်နဲ့ ပြန်လည်မျှဝေသူ ၅၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

သတင်းတု သတင်းမှားကို သတိထားဖို့ ဗီအိုအမ်က ပညာပေးအစီအစဉ်နဲ့ တာချီလိတ်သတင်းဌာနကတင်ဆက်ထားတာ ပြန်လည်ဖေါ်ပြပေးထားတဲ့ သတင်းတုသတင်းမှား သတိထားသင့်တဲ့ အချက်တွေကို ပြန်လည်တင်ပြလိုက်ပါတယ်။
” Covid-19 ကာလမှာ ကောလဟလတွေနဲ့ သတင်းအမှားတွေကို သတိထားဖို့ အရမ်းအရေးကြီးပါတယ်..”
🔘 ကိုဗစ် ၁၉ နှင့်ပတ်သက်၍ အများပြည်သူ စိုးရိမ်ထိတ်လန့်စေသည့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုရ (ဒေသန္တရအမိန့်)
🔘 လူမှုကွန်ယက်စာမျက်နှာတွင် လူများ၏ အကြောက်တရားကို အခြေခံပြီး စိတ်ဝင်စားမှု များများရအောင် လုပ်ကြံဖန်တီးဖြန့်ဝေသည့် သတင်းအမှားများ ယခုလို ကပ်ရောဂါဘေးကာလတွင် အများအပြား ရှိနေတာကြောင့် ဖန်တီးဖြန့်ဝေသူများကို အရေးယူနိုင်မည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားပါသည်။
🔘 သတင်းမှားများမှ ရောဂါကာကွယ်ရေးအသိလွဲမှားကာ ရောဂါကူးစက်ခံရနိုင်တာကြောင့် မမှန်သတင်းများ ဖန်တီး၊ ဖြန့်ဝေခြင်းမပြုဘဲ မိမိနှင့် ပတ်ဝန်းကျင်ကို COVID 19 ဘေးမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။
သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုလျှင်
☑️ သတင်းရေးသူကို စိစစ်ပါ။
☑️ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။
☑️ သတင်းကို အစအဆုံးဖတ်ပါ။
☑️ သတင်းထုတ်ဝေတဲ့ နေ့စွဲကို စစ်ပါ။
☑️ အလားတူဖြစ်ရပ်ကို အခြားသတင်းရင်းမြစ်များက ရေးထားသည်နှင့် နှိုင်းယှဉ်ကြည့်ပါ။
☑️ အင်တာနက်ပေါ် လျင်မြန်စွာ ဖြန့်ဝေနေတဲ့ မက်ဆေ့ချ်များ၊ အသံဖိုင်များ၊ ဗီဒီယိုနှင့် အမည်မသိ မသေချာသော ပုံများကို မမျှဝေပါနဲ့။

#voiceofmyanmar #VOM #သတင်းတုသတင်းမှားသတိထား

Related posts

Leave a Comment

VOM News

FREE
VIEW