ထောက်ပံ့ငွေလေးသောင်းကိစ္စနဲ့ ရွာသား ၁၀ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲ

နိုဝင်ဘာ ၁၆-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာမှာ နိုင်ငံတော်ထောက်ပံ့ကြေးငွေလေးသောင်းမရတဲ့အတွက် လူစုလူဝေးဖြစ်ပေါ်အောင်ပြုလုပ်ခဲ့သူ ၁၀ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ရခိုင်ရိုးကြီးကျေးရွာမှာ နိုဝင်ဘာ ၁၄ရက် ညပိုင်းက ထောက်ပံ့ကြေးငွေလေးသောင်းမရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူစုဝေးဖြစ်ပေါ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကိုဝင်းခိုင် အပါအဝင် ၁၀ဦးကို ထန်းတပင်မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး တရားစွဲခဲ့တာဖြစ်တယ်လို့ တရားစွဲခံရတဲ့ ကာယကံရှင်ရဲ့ ဇနီးဖြစ်သူက VOMကိုပြော
ပါတယ်။

“ကျွန်မတို့က မေးဖို့သွားတာ ဟိုရောက်တော့ ရဲတွေလည်းရောက်နေတယ်။ ခဏနေတော့ ပြသာနာတွေတက်ရော ကျွန်မယောကျာၤးလည်း ရိုက်နှက်ပြီးခေါ်သွားတယ်”လို့ ကာယကံရှင်ရဲ့ဇနီးဖြစ်သူကပြောပါတယ်။

ရွာသူ/သားတွေက ဆက်လက်ဆူပူနေကြတဲ့အတွက် လုံခြုံရေးတာဝန်ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲဖို့ သတိပေးပြောကြားခဲ့ပေမယ့် လူစုလူဝေး ခေါင်းဆောင်သူ ကိုဝင်းခိုင်က လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သေနတ်ကို လုယူဆွဲလုတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လူစုလူဝေး ဦးဆောင်သူ ကိုဝင်းခိုင်ပါ(၁၀)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရခိုင်ရိုးကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးဦးကVOMကိုပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ထန်းတပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက “ကျွန်တော်ကိုယ်တိုင် တရားစွဲဆိုတာပါ၊ ပုဒ်မ- ၃၅၃နဲ့ပါ ရှင်းပြနေတာကို ထိန်းသိမ်းလို့မှ မရတာ”လို့ VOMကိုပြောပါတယ်။

ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ ဦးဝင်းခိုင်ပါ (၁၀)ဦးကို ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းမှ (ပ) ၂၅၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ- ၃၅၃ နဲ့ ဖမ်းဆီး အမှုဖွင့် စစ်ဆေးလျှက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထန်းတပင်

Related posts

Leave a Comment

VOM News

FREE
VIEW