အရှိန်ပြင်းစွာ မောင်းလာတဲ့ ဆီဘောက်ဆာကားမှောက်၊ ကားမီးလောင်ပြီး လူနှစ်ဦးသေဆုံး

နိုဝင်ဘာ ၁၉-၂၀၂၀
အေးချမ်းသူ(VOM)
တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊ ဂျိုးဖြူကျေးရွာအနီးမှာ မနေ့ နို၀င်ဘာ ၁၈ရက်နေ့ညပိုင်းက ဆီဘောက်ဆာကားတစ်စီး အရှိန်မထိန်းနိူင်ဘဲ တိမ်းမှောက်ရာကနေ ကားမီလောင်ပြီး လူနှစ်ဦးသေဆုံးခဲ့​တယ်လို့ တိုက်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
” ဖြစ်စဥ်က တိုက်ကြီးမြို့နယ်၊ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်(၅၀/၅နှင့်၅၀/၆)အကြားမှာ မနေ့ ၆နာရီအချိန်က ဆီဘောက်ဆာတစ်စီး မီးလောင်နေကြောင်း ဖုန်းဆက်အကြောင်းလာတဲ့အတွက် တိုက်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းကနေ မီးငြိမ်းသတ်ယာဉ်တွေထွက်ခွာပြီးငြိမ်းသတ်ပေးခဲ့ရ​တယ်”လို့ ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
တိုက်ကြီးမြို့ကနေ ဥက္ကံမြို့ကို မောင်းလာတဲ့ Nissanဖြူပြာစိမ်းကြား (၈)ဘီးယာဉ် ဂါလံ(၂၈၀၀)ဆံ့ ပရီမီယမ်ဒီဇယ်ဆီတင်လာတဲ့ ဘောက်ဆာတစ်စီး ဂျိုးဖြူကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ အိမ်ခြံဝိုင်းအတွင်း တိမ်းမှောက်ရာကနေ မီးလောင်ကျွမ်းခြင်းဖြစ်ခဲ့တာလို့ ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မီးလောင်မှုကို မီးငြိမ်းသတ်ယာဉ်(၁၀)စီး၊FOAM(ဆီမီးလောင်ရာတွင်ငြိမ်းသတ်သည့်)ကား(၃)စီး၊ ရေသယ်ယာဉ်(၉)စီး၊ကွပ်ကဲမှုယာဉ်(၂)စီး၊ သူနာပြုယာဉ်(၁)စီး စုစုပေါင်း(၂၅)စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရပြီး၊ သန္ဓေတပ်ဖွဲ့ဝင်(၁၀၀)ဦး၊အရန်မီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦးနဲ့အတူ ပရဟိတအဖွဲ့၀င်တွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့တဲ့အတွက် ည ၈နာရီအချိန်မှာ မီးလုံး၀ငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး(၁)ဦး စုစုပေါင်း(၂)ဦးသေဆုံးခဲ့
ရပြီး၊ လူနေအိမ်(၄)လုံး၊ ကား(၁)စီး၊ဒီဇယ်ဆီ(၂၈၀၀)ဂါလံ၊ဝက်(၃)ကောင် တို့ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဆီဘောက်ဆာကားမီးလောင်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့စခန်းမှစုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
Photo-တိုက်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW