လက်ပံတောင်း ဖြိုခွင်းခံရမှု(၈) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဆန္ဒထုတ်ဖော်

နိုဝင်ဘာ ၂၉-၂၀၂၀
အေးချမ်းသူ(VOM)

စစ်ကိုင်တိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ ဦးပိုင်ဝမ်ပေါင်ကုမ္မဏီနဲ့ လက်ပံတောင်းဒေသခံတွေ ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့က မြေယာအငြင်းပွားမှုဖြစ်ခဲ့ရာ အစိုးရကနေ အကြမ်းဖက်နည်းသုံးပြီး ဖြိုခွင်းခဲ့တာ ၈နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့နေလယ်ပိုင်းက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ သံဃာတော် ၂ပါးနဲ့ ဝန်းရံသူဆယ်ဦးတို့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လက်ပံတောင်းတောင်ဖြိုခွင်းခံရမှုမှာ ဒဏ်ရာရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံခဲ့ရတဲ့ ဆရာတော်ဦးဝဏ္ဍသီဒွီက “လက်ပံတောင်းမှာဆရာတော်၊ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ဖြိုခွင်းခဲ့သူတွေကို အစိုးရအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှုနဲ့တောင်းပန်ခိုင်းသင့်တယ်။ ဒီလိုဖြစ်ရပ်မျိုးကို ပြည်သူတွေသိအောင် အခုလို ဖော်ထုတ်ရခြင်းဖြစ်တယ်”လို့ မိန့်ကြားပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာပါဝင်တဲ့ ဆရာတော်ဦးဓမ္မသာရကလည်း ” ဦးသိန်းစိန်အစိုးရလက်ထက်မှာ လက်ပံတောင်းတောင်ကိစ္စနဲ့ပတ်သက်ပြီးဖြေရှင်းတဲ့အခါ အကြမ်းဖက်နည်းကိုသုံးပြီး ဖြေရှင်းခဲ့တဲ့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ တောင်းပန်ခြင်းမရှိတာကို ပြည်သူအမှတ်ရစေချင်တယ်”လို့ မိန့်ကြားပါတယ်။

လက်ပံတောင်းအရေးတွင် ပါဝင်လှုပ်ရှားခဲ့သူ ဦးအောင်စိုးကလည်း “ဒီဖြစ်ရပ်ကိုပြန်ပြောနေရတာ အစိုးရအဆက်ဆက်က တာဝန်ယူမှု၊တာဝန်ခံမှုမရှိလို့၊ ၈၈အရေးအခင်းလို စစ်တပ်ကပြည်သူတွေကိုပစ်တာ၊ ရွှေဝါရောင်အရေးအခင်း ၊ ဦးကိုနီအသတ်ခံရတာ၊ ကျောက်မဲကလွှတ်တော်ကိုယ်စားလှယ်အသတ်ခံရတာ ဒီလိုပြစ်မှုကျူးလွန်သူကို ဖော်ထုတ်
ပေးသင့်တယ် ပြည်သူသိအောင် အစိုးရက”လို့ ပြောပါတယ်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ အခုလိုဆန္ဒထုတ်ဖော်ဖို့အတွက် ကျောက်တံတားမြို့မရဲစခန်းမှာ နိုဝင်ဘာ ၂၇ရက်နေ့က ငြိမ်းစုစီခွင့်ပြုချက်တင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #လက်ပံတောင်း၈နှစ်ပြည့် #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW