တောင်ကြီး မြို့မဈေးကြီးကို ဒီကနေ့ညနေကစပြီးပိတ်မယ်

နိုဝင်ဘာ ၃၀-၂၀၂၀
နေနန်းနွယ်(VOM)

တောင်ကြီးမြို့ရှိ မြို့မဈေးကြီးမှာ ကိုဗစ်အတည်ပြုလူနာတွေ့တဲ့အတွက် ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းကစပြီး ပိတ်မယ်လို့သိရပါတယ်။

“ဈေးကြီးကို ဒီနေ့ညနေ ၃နာရီက စပိတ်တော့မှာ၊ ဘယ်နေ့ပြန်ဖွင့်မလဲတော့ မသိသေးဘူး၊ ကိုဗစ်လူနာတွေ့လို့ပါ”လို့ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောပါတယ်။

မြို့မဈေး အပိုင်း (၄) K ရုံမှာ ဒီကနေ့မနက်က ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ တစ်ဦးတွေ့ခဲ့တဲ့အတွက် ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ဖို့ မြို့မဈေးကြီးကို ယာယီပိတ်သွားမှာဖြစ်ပြီး ဈေးပြန်ဖွင့်မယ့် နေ့ရက်ကိုတော့ ပြန်လည်ကြေညာပေးသွားမယ်လို့သိရပါတယ်။

ရောဂါပိုးတွေ့ရှိတဲ့ အမျိုးသမီးဟာ ခရီးသွားရာဇဝင်မရှိဘဲ နိုဝင်ဘာလ ၂၉ ရက်နေ့ က အနံ့ပျောက်သွားတာကြောင့် အထက (၅) Quarantine center မှာ Quarantine ဝင်နေတာဖြစ်ပါတယ်။

အဲ့ဒီအမျိုးသမီးဟာ တောင်ကြီးမြို့မဈေးရှိ အထည်ဆိုင်အချို့၊ ဖိနပ်ဆိုင်အချို့နဲ့ ဈေးဆိုင်များကိုလည်း သွားလာခဲ့တယ်လို့ သိရပါတယ်။

တောင်ကြီးမြို့ကိုတော့ နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ Stay at home သတ်မှတ်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မနေ့ နိုဝင်ဘာ ၂၉ရက် ည ၈နာရီအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၈၉၄၆၈ဦး၊ သေဆုံးသူ ၁၉၁၈ ဦးနဲ့ ဆေးရုံကနေဆင်းခွင့်ရသူ ၆၈၉၁၀ ဦးရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး #မြို့မဈေးပိတ်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW