ကျောက်တွင်း လုပ်ကွက်ဟောင်းမှာ အောက်စီဂျင်ပြတ်ပြီး လူ ၁ ယောက်သေဆုံး

ဒီဇင်ဘာ ၂-၂၀၂၀
ကိုတိုးကြီး (VOM)

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ သဖန်းပင် ကျောက်မိုး ကျောက်မျက်လုပ်ကွက်ဟောင်းထဲမှာ ဒီကနေ့ ဒီဇင်ဘာ ၂ ရက် နေ့လယ်ပိုင်းက ကျောက်မျက်တူးဖော်နေတဲ့ တွင်းထဲမှာ အောက်စီဂျင်ပြတ်တောက်သွားတာကြောင့် လူ ၁ ယောက်သေဆုံးသွားခဲ့ပြီး လူ ၁ ယောက်ကိုတော့ အသက်ရှင်လျက် ကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့ မိုးကုတ်မြို့ မြတ်စေတနာ လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။

” တွင်းထဲ လေပြတ်သွားတာပါ၊ အနီးက လူတွေက အသင်းရုံးကိုဖုန်းဆက်ပြီး အကူအညီတောင်းတာကြောင့် ချက်ချင်းသွားပြီး ကူညီပေးခဲ့တယ်၊ သေဆုံးသူက ရွှေဂူ ၁၉ ရပ်ကွက်က ကိုရန်လင်းအောင် ဆိုသူဖြစ်တယ်၊ အသက်ကတော့ ၂၅ နှစ် ဝန်းကျင်လောက်ဖြစ်တယ် “လို့ ကိုယ်တိုင်သွားရောက် ကူညီပေးခဲ့တဲ့ မြတ်စေတနာ လူမှုကူညီရေးအဖွဲ့ဝင် ကိုဖိုးလပြည့်က VOM ကိုပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို မိုးကုတ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူဟာ ဒဏ်ရာ ပြင်းပြင်းထန်ထန်မရတာကြောင့် သူရဲ့နေအိမ်ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်ဒေက ကျောက်တွင်းတွေဟာ အခုလို ဆောင်းရာသီမှာ ပတ်ဝန်းကျင် မြူမူန်တွေဆိုင်းတာကြောင့် ကျောက်တွင်းထဲမှာ အောက်စီဂျင်ပြတ်တောက်ပြီး ကျောက်တူးနေသူတွေ မကြာခဏဆိုသလို သေဆုံးကြပါတယ်။

ဒါ့အပြင် မိုးတွင်းကာလမှာတော့ မြေပြိုမှုတွေဖြစ်ပွားပြီး ကျောက်တူးသူတချို့ မြေစာပိပြီး သေဆုံရတဲ့ ဖြစ်စဉ်တွေလည်းရှိတယ်လို့ မြတ်စေတနာ လူမှုကူညီရေးအဖွဲ့ရဲ့ မှတ်တမ်းတင်ထားတဲ့အချက်တွေအရ သိရပါတယ်။

Photo – မြတ်စေတနာလူမှုကူညီရေးအဖွဲ့
#voiceofmyanmar #VOM #မိုးကုတ် #ကျောက်မျက်လုပ်ကွက်ဟောင်း #အောက်စီဂျင်ပျက် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW