၂၀၂၀ ရွေးကောက်ပွဲ အတိုင်းအတာတခုထိ လွတ်လပ်ပေမယ့် အငြင်းပွားမှုနဲ့ အကြမ်းဖက်မှုတွေ များပြား

ဒီဇင်ဘာ ၂ -၂၀၂၀

ဆွေလင်းထွန်း ( VOM)

 

၂၀၂၀ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း New Myanmar Foundation(NMF) ရဲ့ လေ့လာစောင့်ကြည့်မှုတွေအရရွေးကောက်ပွဲဟာ ၉၀ရာခိုင်နှုန်းကျော်အဆင်ပြေခဲ့ပေမယ့် အကြမ်းဖက်မှုတွေတော့ များပြားခဲ့တယ်လို့ သူတို့စစ်တမ်းမှာဖေါ်ပြထားပါတယ်။

အကြမ်းဖက်မှုတွေထဲမှာ ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ် ၁၆ မှုနဲ့ အများဆုံးဖြစ်ခဲ့ပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ်ပိုစတာတွေ ဖျက်စီးခံရတာ၊ တိုက်ပွဲဖြစ်ပွားတာ၊ လက်နက်နဲ့တိုက်ခိုက်တာ၊ ဗုံးလန့်တာ၊ ဖမ်းဆီးခံရတာ စတဲ့ ဖြစ်စဉ်တွေဖြစ်ဖွားခဲ့တယ်လို့ ပါရှိပါတယ်။

နိုင်ငံရေးပါတီဝန်းရံသူတွေချင်း လူမှုကွန်ယက်ကနေ အပြန်အလှန်တိုက်ခိုက်တာနဲ့ ပါတီကြီးတွေကနေ နုတ်ထွက်ပြီး တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပါတီဝန်းရံသူတွေက တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေလည်း အများအပြားဖြစ်ခဲ့တယ်လို့ NMF ရဲ့ ရွေးကောက်ပွဲဆိုင်ရာအကြံပေး မမြနန္ဒာသင်းက ပြောပါတယ်။

မမြနန္ဒာသင်းက “ကျမတို့ သုံးသပ်ချက်အရဆိုရင် အကြမ်းဖက်မှုတွေက ပိုများလာတယ်။ ဒါတောင်မှ ကျမတို့ကဒါ ကိုဗစ်ဖြစ်လိုက်တော့လေ မဲဆွယ်စည်းရုံးမှုတွေက နည်းနည်းတန့်သွားလို့ပေါ့နော်။ တကယ်လို့ ကိုဗစ်မဖြစ်ဘူး တောက်လျှောက်အရှိန်အဟုန်ကောင်းကောင်းနဲ့ စက်တင်ဘာ ၈ ရက်နေ့ကတည်းက မဲဆွယ်စည်းရုံးမှုတွေ လုပ်နေရင် ပိုပြီးတော့တောင် ဒီထက်မက ဖြစ်နိုင်သေးတယ်” လို့ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေ၊ အရပ်ဖက်အဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ ရပ်ရွာလူကြီးစတဲ့ လူဦးရေ ၃၀၅ ဦးကို မေးမြန်းမှုတွေအရကိုယ်စားလှယ်လောင်းတွေကို လူမျိုးရေး၊ ဘာသာရေးအရ တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဖြေဆိုသူတွေရဲ့ ၂၇ ရာခိုင်နှုန်းကဆိုပါတယ်။ ကိုယ်စားလှယ်လောင်းတွေကို အမုန်းစကားပြောတာ ခံရတာ၊ နှောင့်ယှက်ခြိမ်းခြောက်ခံရတာတွေ ရှိတယ်လို့ ဖြေကြားတာကတော့ ၂၉ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်း အသီးသီးရှိပါတယ်။ မဲဆွယ်စည်းရုံးရာမှာ လုံခြုံမှုရှိတယ်လို့ ခံစားရကြောင်း ဖြေဆိုသူတွေရဲ့ ၅၇ ရာခိုင်နှုန်းကဆိုပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းတွေအပေါ်မှာ ခွဲခြားဆက်ဆံခံရတယ်လို့ ၇၉ ရာခိုင်နှုန်းကဖြေကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

NMF က စေလွှတ်ထားတဲ့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေရဲ့ ပေးပို့ချက်တွေအရ ရွေးကောက်ပွဲအငြင်းပွားမှုတွေထဲမှာ ကြိုတင်မဲပေးခြင်းနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုက ၁၇၂ မှုနဲ့ အများဆုံးဖြစ်ခဲ့ပါတယ်လို့ ဆိုပါတယ်။ မဲဆွယ်စည်းရုံးမှုဆိုင်ရာ အငြင်းပွားမှုတွေက ၁၀၇ မှု၊ မဲလက်မှတ်မှားထည့်တာစတဲ့ ရွေးကောက်ပွဲနေ့ ကျူးလွန်မှုတွေက ၄၄ မှုနဲ့ မဲစာရင်းဆိုင်ရာ အငြင်းပွားမှုတွေက ၄၃ မှု အသီးသီးရှိတယ်လို့ သိရပါတယ်။ ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆွယ်စည်းရုံးနေသူတွေကို တပ်မတော်နဲ့လက်နက်ကိုင်တွေက ဖမ်းဆီးမှုတွေလည်း စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

New Myanmar Foundation(NMF) အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ လူဦးရေ ၁၅၀၀ ကျော်အသုံးပြုပြီး မဲရုံပေါင်း ၁၅၀၀ကျော်ကို စောင့်ကြည့်လေ့လာခဲ့တယ်လို့ သိရပါတယ်။

 

#voiceofmyanmar #VOM # New Myanmar Foundation(NMF)

Related posts

Leave a Comment

VOM News

FREE
VIEW