အဂတိမကင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ခုံသမာဓိကောင်စီကို အလုပ်သမားတွေ ဆန္ဒပြ

ဒီဇင်ဘာ ၈၊၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ခုံသမာဓိကောင်စီရုံးကို အဂတိမကင်းတဲ့ ဆုံးဖြတ်ချက်တွေကို လက်မခံဘူးဆိုကာ အလုပ်သမားတွေက ဒီကနေ့မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

ခုံသမာဓိမှာ အနိူင်ရရှိပြီး ခုံသမာဓိကောင်စီမှာ ရှုံးနိမ့်ခဲ့ရတဲ့အမှုတွေနဲ့ပတ်သက်ပြီး အဂတိမကင်းတဲ့ ဆုံးဖြတ်ချက်တွေကို လက်မခံတဲ့အတွက် သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)နဲ့ မြန်မာနိူင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)တို့မှ ပူးပေါင်းကာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

” အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြစ်စဉ်တွေမှာ ခုံသမာဓိအဖွဲ့ကိုရောက်ရှိတဲ့အမှုတွေဟာ အနိုင်ရရှိမှုများပြားပြီး ခုံသမာဓိကောင်စီကိုရောက်တဲ့အချိန်မှသာ ရှုံးနိမ့်နေရတဲ့အတွက် ခုံကောင်စီရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်”လို့ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်သူ ဦးဘိုဘိုငြိမ်းကပြောပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ ဦးဆောင်သူဒေါ်လှရီစန်းနဲ့ အလုပ်သမားတွေက ခုံကောင်စီအလိုမရှိ၊ခုံကောင်စီနှုတ်ထွက်ပေးရေး၊ ခုံကောင်စီဆုံးဖြတ်ချက်များအား ပြန်လည်သုံးသပ်ပေးရေးစတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

ဆန္ဒပြတာကို လာရောက်ဝန်းရံသူ မြန်မာနိူင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)မှ ယာယီတာဝန်ခံ ဒေါ်မိုးစန္ဒာမြင့်ကလည်း “ကျွန်မတို့ဒီနေ့ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က ခုံသမာဓိရဲ့ကောင်စီရဲ့ ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်ကြောင့် နစ်နာသွားတဲ့အလုပ်သမားတွေအနေနဲ့ ကောင်စီရဲ့လူကြီးတွေအပေါ် သူတို့တောင်းဆိုချင်တဲ့ အချက်လေးတွေကို လာရောက်ကြွေးကြော်ရင်း သပိတ်မှောက်ဆန္ဒပြရခြင်းဖြစ်တယ်”လို့ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ အလုပ်ရှင်၊ အလုပ်သမားဝန်ကြီးဌာန၊ ခုံသမာဓိ၊ ခုံကောင်စီနဲ့ အလုပ်သမားတို့ကြားတွင် အငြင်းပွားမှုတွေ ပိုမိုတိုးပွားလာပြီး ဖြေရှင်းရာမှာလည်း ခုံကောင်စီရဲ့ဆုံးဖြတ်ချက်တွေဟာ ဘက်လိုက်မှုတွေရှိနေတယ်လို့ အလုပ်သမားတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဆန္ဒဖော်ထုတ်ခွင့်ပြုဖို့အတွက် အလုပ်သမားတွေဟာ နိုဝင်ဘာ ၂၇ရက်က ဗိုလ်တစ်ထောင်မြို့မရဲစခန်းမှာ ငြိမ်းစုစီတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW