အမတ်နေရာ ၈၃ ရာခိုင်နှုန်း အနိုင်ရတဲ့ NLD ပါတီဟာ  မဲရရှိမှုနဲ့တွက်ရင်  ၆၈ ရာခိုင်နှုန်းသာရှိ

မန္တလေး-ဒီဇင်ဘာ ၁၃-၂၀၂၀

ဆွေလင်းထွန်း(VOM)

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ NLD ပါတီဟာ ပြည်ထောင်စုအဆင့်မှာ အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိပြီး အစိုရဖွဲ့နိုင်ခဲ့ပေမယ့် မဲရရှိမှု အရေအတွက်ကတော့ ၆၈ ရာခိုင်နှုန်းကျော်ပဲရှိတယ်လို့ မဲရလာဒ်စာရင်းတွေကို အခြေခံတွက်ချက်မှုအရ သိရပါတယ်။

 

NLD ပါတီအနေနဲ့ ပြည်သူ့လွှတ်တော်မှာ ခိုင်လုံမဲအရေအတွက် စုစုပေါင်း ၂၆သန်းကျော်အနက် ၁၈သန်းကျော်ကိုသာ ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆၈ ရာခိုင်နှုန်းကျော် ရရှိတာကို‌ တွေ့ရပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း ခိုင်လုံမဲအရေအတွက် စုစုပေါင်း ၂၆သန်းကျော်အနက် ၁၈သန်းကျော်ကိုသာ ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆၉ ရာခိုင်နှုန်းခန့်သာ ရရှိတာကို‌ တွေ့ရပါတယ်။

 

မြန်မာလူမျိုးအများစု နေထိုင်ကြတဲ့ တိုင်းဒေသကြီးတွေမှာ NLD ပါတီဟာ ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ်တွေအတွက် ၇၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိတာကိုတွေ့ရပြီး ရန်ကုန်တိုင်းမှာ ၈၁ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ ပြည်နယ်တွေမှာတော့ မဲရရှိမှု နည်းပါးတာကိုတွေ့ရပြီး ပြည်နယ် ၇ခုမှာ ပျမ်းမျှအားဖြင့် ၄၄ ရာခိုင်နှုန်းခန့်သာ အနိင်ရကာ ရခိုင်ပြည်နယ်မှာ ၃၀ ရာခိုင်နှုန်းနဲ့ အနည်းဆုံး အနိုင်ရရှိတာကို တွေ့ရပါတယ်။

 

ကချင်ပြည်နယ်က ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ်တွေမှာ NLD ပါတီက ၅၂ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးပါတီက ၂၁ ရာခိုင်နှုန်းနဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၁၂ရာခိုင်နှုန်းကျော် အသီးသီးရရှိပါတယ်။ ကယားပြည်နယ်မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက မဲအရေအတွက် ၂၂ ရာခိုင်နှုန်းရရှိပြီး ၅၂ ရာခိုင်နှုန်း ရရှိတဲ့ NLD ပါတီပြီးနောက် ဒုတိယအများဆုံးဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ၁၈ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၅ ရာခိုင်နှုန်း၊ မွန်ပြည်နယ်မှာ မွန်ညီညွတ်ရေးပါတီက ၂၂ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မှာ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၇ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာတော့ ရခိုင်အမျိုးသားပါတီက ၃၀ ရာခိုင်နှုန်းနဲ့ မဲအရေအတွက် အများဆုံး ရရှိတာကို တွေ့ရပါတယ်။

 

NLD ပါတီပြီးနောက် အမတ်နေရာ ဒုတိယအများဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီကတော့ ပြည်သူ့လွှတ်တော်မှာ ခိုင်လုံမဲအရေအတွက် စုစုပေါင်းရဲ့ ၂၂ ရာခိုင်နှုန်းကျော်နဲ့ အမျိုးသားလွှတ်တော်မှာ ခိုင်လုံမဲအရေအတွက် စုစုပေါင်းရဲ့ ၂၃ ရာခိုင်နှုန်းကျော် အနိုင်ရရှိတာကိုတွေ့ရပါတယ်။

 

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီဟာ ပြည်ထောင်စုလွှတ်တော် အမတ်နေရာစုစုပေါင်း ၄၇၆ နေရာအနက် ၃၉၆ နေရာအနိုင်ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ၈၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကတော့ ပြည်ထောင်စုလွှတ်တော် အမတ်နေရာ ၃၃ နေရာနဲ့ ၇ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ပါတယ်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူဦးရေ ၃၈သန်းကျော်အနက် ၂၇သန်းကျော်မဲလာပေးခဲ့ပြီး ၇၁ ရာခိုင်နှုန်းကျော်ရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။

 

#voiceofmyanmar #VOM #NLD #မဲရရှိမှုရာနုန်း

 

Related posts

Leave a Comment

VOM News

FREE
VIEW