ကျိုက်ထိုမှာ အထောက်အထားမဲ့သူ ၇ ဦးနဲ့ ငွေ‌ကြေးယူပြီး ပို့ဆောင်သူ ရဲအရာရှိဆိုသူနဲ့ ယာဉ်မောင်းတို့ကို ဖမ်းမိ

ဒီဇင်ဘာ ၁၈-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သထုံစုကျေးရွာအုပ်စု၊ ကမ်းနီရွာအနီး ရန်ကုန် -မော်လမြိုင်ကားလမ်းပေါ်မှာ ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက မော်တော်ယာဉ်တိမ်းမှောက်ရာကနေ အထောက်အထားမဲ့သူ ၇ ဦးကို အခကြေးငွေယူ ပို့ဆောင်‌ပေးခဲ့တဲ့ ရဲအရာရှိဆိုသူနဲ့အဖော်လိုက်ပါလာသူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိမ်ဇရပ်မြို့အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

” အသေးစိတ်အချက်လက်တွေကိုတော့ စခန်းသာမေးလိုက်ပါ၊ မနေ့ညနေက တရားမဝင် အထောက်အထားမဲ့သူ ၇ ဦးနဲ့ လိုက်ပို့ဆောင်ပေးတဲ့သူကို ဖမ်းမိခဲ့တာပါ။ ဒီအတိုင်းပဲ သတင်းရထားပါတယ်”လို့ သိမ်ဇရပ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင် ၉၀ အကျော်မှာ မော်တော်ယာဉ် ၁ စီး တိမ်းမှောက်သွားကြောင်းသတင်းအရ သိမ်ဇရပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာကနေ မော်လမြိုင်ကို ပို့ဆောင်ပေးဖို့ ဒု-ရဲအုပ်ဆိုသူ ရဲဝင်းအောင်၊ ဖာရွက်(ခ)အရှည်ကြီး(ခ)အောင်အောင်နဲ့ ယာဉ်မောင်း ဦးတင်ဝင်းဆိုသူတို့က RAV-4 အမျိုးအစား အိမ်စီးယာဉ်နဲ့တင်ဆောင်လာချိန် အခုလိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

” ရဲအရာရှိဆိုသူက စစ်ဆေးနေဆဲမို့တပ်ဖွဲ့ဝင်ဟုတ်၊မဟုတ် ‌အတိကျ ပြောလို့မရသေးပါဘူး။ ဘင်္ဂါလီတွေနဲ့ခေါ်ဆောင်လာသူ သုံးဦး ဖမ်းမိတယ်ဆိုတာကိုအတည်ပြုနိုင်ပါတယ်”လို့ ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဝင်းကပြောပါတယ်။

ဖြစ်စဉ်အသေးစိတ်နဲ့ပတ်သက်လို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်မောင်စိုးကို ဖုန်းနဲ့ဆက်သွယ်စုံစမ်းမေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားမှုမပြုခဲ့ပါဘူး။

အမှုနဲ့ပတ်သက်လို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှာ ဦးတင်ဝင်းဆိုသူကို ရာဇသတ်ကြီးဥပ‌ဒေပုဒ်မ-၂၇၉/၃၃၇ အရလည်းကောင်း၊ အရှည်ကြီး(ခ)အောင်အောင် (ခေါ်)ဖာရွတ်၊ တင်ဝင်းနဲ့ ဒု-ရဲအုပ်ဆိုသူ ရဲဝင်းအောင်တို့ကို ရာဇသတ်ကြီးပုဒ်မ-၃၆၇/၁၁၄ တို့နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သိမ်ဇရပ် #အထောက်အထားမဲ့သူ၇ဦး #ရဲအရာရှိတစ်ဦး #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW