ဘုန်းကြီး‌‌ကျောင်းအနောက်ဘက် ချောက်ထဲကနေ ကိုရင်တစ်ပါး အလောင်းတွေ့

ဒီဇင်ဘာ ၁၈-၂၀၂၀
နေနန်းနွယ်(VOM)

တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ မြစင်္ကြာဘုန်းကြီးကျောင်းအနောက်ဘက် ချောက်ထဲမှာ ကိုရင်တစ်ပါးအလောင်းကို တွေ့ရှိခဲ့တဲ့ဖြစ်စဉ် မနေ့ ဒီဇင်ဘာ ၁၇ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“သတင်းပေးပေးချင်း ကျွန်တော်တို့ရှာတဲ့အခါတော့ တန်းမတွေ့ဘူးဗျ။ ၁၂ခွဲလောက်မှ တွေ့တာ။ တကယ့်ချုံကြီးတွေထဲကတွေ့တာ၊ လူသွားတာတောင်မနည်းသွားရတယ်။ ကျွန်တော်တို့အထင်က အပေါ်ကနေပြုတ်ကျတယ်။ ဖိနပ်တစ်ဖက်ကအပေါ်မှာ ဖိနပ်တစ်ဖက်ကအောက်မှာ။ လျှောပြီးပြုတ်ကျတာပေါ့။ တင်ပါးတွေမှာလည်း ပွန်းနေတာ။ အောက်ရောက်တော့ ဇတ်ကျိုးသွားတယ်လို့ ကျွန်တော်တို့အနေနဲ့ယူဆရတယ်၊ ဆရာတော်နဲ့ပြောကြည့်တဲ့အခါမှာတော့ ဒီကိုယ်တော်ကပျောက်နေတာ သုံးရက်လောက်ရှိပြီ။ ၁၄ရက်နေ့ ဥပုသ်နေ့က ဘောလုံးကစားရင်း ပျောက်သွားတာ။ အဲ့ဒီကျောင်းပေါ်မှာဘောလုံးကစားရင်းပျောက်သွားတယ်လို့ကြားတယ်။ လူပျောက်တိုင်တယ်လို့တော့မကြားဘူး။ ဆရာတော်ကိုမေးကြည့်တဲ့အခါမှာတော့ ဒီကိုယ်တော်ဟာမကြာခဏ အိမ်ပြန်လေ့ရှိတယ်။ ဒီလိုပဲဘောလုံးကန်ရင်းနဲ့ သူ့အိမ်ပြန်သွားလိုက်၊ပြန်လာလိုက်နဲ့မို့ သူပျောက်သွားတဲ့အချိန်မှာ သတိမထားမိဘူး။ သူ့အိမ်ပြန်သွားတာလို့ပဲ ထင်တာပေါ့။ ကျွန်တော်တို့အလောင်းသယ်ခါမှ သူတို့ကျောင်းက ကိုရင်မှန်းသိတာ”လို့ ချမ်းမြသာစည်ရပ်ကွက် နယ်ထိန်း ရဲတပ်သား အောင်ကိုကိုထွန်းက ပြောပါတယ်။

ကိုရင်ရဲ့ အလောင်းကို အေးသာယာရပ်ကွက်-၃ မှ လူတစ်ဦးက မြင်‌ပြီး ရဲစခန်းကို ဆက်သွယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ကိုရင်ဟာ ဓမ္မဝိဟာရကျောင်းမှာ သီတင်းသုံးနေထိုင်သူ အရှင်ဂုန(သက်တော် ၁၇နှစ်)၊ ဝါတော်(၁၀)ဝါ ရှိပြီလို့ သိရပါတယ်။

အလောင်းကို မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက သယ်ဆောင်ပြီး စဝ်စံထွန်းဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်စစ်ဆေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW