မောင်တောအခြေစိုက် DMG သတင်းထောက်တစ်ဦး ပုဒ်မ-၆၆(ဃ) နဲ့ အမှုဖွင့်ခံရ

ဒီဇင်ဘာ ၁၈- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ Development Media Group(DMG)က မောင်တော်မြို့နယ် အခြေစိုက်သတင်းထောက်တစ်ဦးကို လမ်းတံတားအထူးအဖွဲ့မှ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ) နဲ့ မောင်တော်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ DMG သတင်းဌာနက ဒီကနေ့မနက်ပိုင်းမှာပဲ ထုတ်ပြန်ချက်တစ်ခု ထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ နေ့က DMG သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ မောင်တောခရိုင် (၃) မိုင် လမ်းတံတားကို ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီဖြစ်တဲ့ သတင်းနဲ့ပတ်သက်ပြီး လမ်းတံတားအထူးအဖွဲ့က အင်ဂျင်နီယာ တစ်ဦးနဲ့ ခရီးသည်တင်ကား ယာဉ်မောင်းတစ်ဦးတို့ကို အသံစုံစုံနဲ့ ဖော်ပြပေမယ့် တံတားကို ပြန်လည်ပြုပြင်ရာမှာ သစ်တန်ချိန် (၃၀) လောက်ကုန်သွားပြီဖြစ်တယ်လို့ ဖြေကြားခဲ့တာမရှိဘဲ သတင်းမှာဖော်ပြတယ်ဆိုပြီး မောင်တောအခြေစိုက်သတင်းထောက်ကို အမှုဖွင့်တရားစွဲဆိုခံထားရတာဖြစ်တယ်လို့ DMG သတင်းဌာနကနေ သိရပါတယ်။

DMG သတင်းဌာန ဒု-တာဝန်ခံအယ်ဒီတာ ဦးနေဝင်းစံကတော့ “အဲဒီ သတင်းမှာပါတဲ့ သစ် တန်(၃၀) ဆိုတဲ့ ကိစ္စပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး သူတို့ အဲဒီလို ဖြေကြားခဲ့တာမရှိဘူးဆိုပြီးတော့ အမှုဖွင့်တာပေါ့။ အမှုဖွင့်တဲ့အခါမှာ ကျနော်တို့မှာက သူဖြေခဲ့တယ်ဆိုတဲ့ဟာ အသံဖိုင်ရှိတယ်။ တန် (၃၀)ကုန်ကျတယ်ဆိုပြီး သူဖြေခဲ့တာရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ သွားရောက်ညှိနှိုင်းတာတွေလည်းရှိတယ်။ သူတို့ပြောတာက အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ အမှုဖွင့်ရတာဖြစ်တယ်ဆိုပြီးပြောတယ်။ ညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းမယ်ဆိုရင်တော့ သူတို့အနေနဲ့ အမှုကို ပြန်ရုပ်သိမ်းလို့ ရတယ်ဆိုပြီး ကျနော်တို့ကြားရတယ်”လို့ ပြောပါတယ်။

လက်ရှိ အမှုဖွင့်ခံထားရတဲ့ DMG သတင်းဌာနရဲ့ မောင်တောအခြေစိုက်သတင်းထောက် ကိုကျော်မျိုးအောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ) နဲ့ အမှုဖွင့်ထားပေမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့က ကိုကျော်မျိုးအောင်ကို ခေါ်ယူစစ်ဆေးပြီး ငွေကျပ် (၅) သိန်းနဲ့ အာမခံပေးထားတယ်လို့ သိရပါတယ်။

“ သူရဲ့ အမှုအခြေအနေကတော့ မောင်တောမြို့မရဲစခန်းက ခေါ်ယူစစ်ဆေးပြီးတော့ ငွေကျပ် (၅) သိန်းနဲ့ အာမခံပေးထားတယ်လို့ သိရပါတယ်။ ပုဒ်မကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ) နဲ့ အမှုဖွင့်ထားတာပါ”လို့ DMGသတင်းဌာန ဒု-တာဝန်ခံအယ်ဒီတာ ဦးနေဝင်းစံက ပြောပါတယ်။

တရားလိုပြုလုပ်ပြီး အမှုဖွင့်တဲ့သူဟာ သတင်းမှာ အင်တာဗျူးဖြေကြားခဲ့တဲ့ မောင်တောမြို့နယ်၊ လမ်းတံတားအထူးအဖွဲ့ (၄) က အင်ဂျင်နီယာ ဦးမောင်ဝင်း ဖြစ်တယ်လို့ သိရပါတယ်။

DMG သတင်းဌာနနဲ့ အင်တာဗျူးလုပ်ခဲ့တဲ့ အမှုက တရားလို လမ်းတံတားအထူးအဖွဲ့(၄) က အင်ဂျင်နီယာ ဦးမောင်ဝင်းကို ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားတာကြောင့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

DMG သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ မောင်တောခရိုင် (၃) မိုင် လမ်းတံတားကို ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း သတင်းမှာ အင်ဂျင်နီယာ ဦးမောင်ဝင်း ဖြေထားတာက “ကျနော်တို့ ဒီတံတားကို လုပ်တာ ၃ ခါရှိပြီ။ သစ်တန်ချိန် ၃၀ လောက်ကုန်သွားပြီ”လို့ ပါရှိကြောင်း သိရပါတယ်။

အခုလိုမျိုး သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ အမှုတွေကို လမ်းတံတားအထူးအဖွဲ့ (၄) နဲ့ အစိုးရအဖွဲ့တို့ဟာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC)ကတစ်ဆင့် ညှိနှိုင်းဆောင်ရွက်မှုမပြုလုပ်ခဲ့ဘဲ သတင်းသမားတစ်ဦးကို တိုက်ရိုက်အမှုဖွင့်တာဟာ သတင်းမီဒီယာဥပဒေတွေနဲ့ လွဲချော်နေတဲ့အပြင် တရားဝင်ဖွဲ့စည်းထားတဲ့ MPC ကို အသိအမှတ်မပြု၊ အလေးမထားရာ ရောက်နေတယ်လို့ DMG ရဲ့ဒီကနေ့မနက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#voiceofmyanmar #VOM #မောင်တော #DMGသတင်းထောက် #၆၆ဃနဲ့အမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW