ပျဉ်းမနားက ကြံတောင်သူတွေ သူတို့အခက်အခဲကိုကူညီဖို့ အတိုင်ပင်ခံနဲ့ သက်ဆိုင်ရာဆီတင်ပြ

ပျဉ်းမနား-ဒီဇင်ဘာ-၁၉-၂၀၂၀

ကိုထွန်း(VOM)

 

၂၀၂၁ -၂၀၂၂ ကြံရာသီအမီ ကြံသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေး ကူညီဖြေရှင်းပေးဖို့ ကြံတောင်သူတွေက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို စာပို့ပြီးတော့ သတင်းစာရှင်းလင်းပွဲကိုလည်း ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းက ပျဥ်းမနားသကြားစက်အနီးက  ကြံတောင်သူ ဦးကျော်ဝင်းရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။

 

၂၀၂၁ -၂၀၂၂ ခုနှစ်ကြံရာသီမှာ ပျဉ်းမနားသကြားစက် ပိတ်မှာဖြစ်လို့ ကြံမဝယ်တော့ဘူးလို့ အကြောင်းကြားလာတာမို့  ပျဥ်းမနားသကြားစက် ဆက်လက်လည်ပတ်နိုင်ရေးနဲ့ ကြံသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့  နေပြည်တော်ကောင်စီဥက္ကဋ္ဌဆီကိုအသနားခံစာပေးပို့တဲ့ကိစ္စ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

ကြံစိုက်တောင်သူ ဦးသိန်းရွှေက ”ပျဥ်းမနားသကြားစက်ရှိ စက်ရုံ(၃)ရုံကို ယုဇနကုမ္ပဏီလီမိတက်က အစိုးရထံမှ နှစ်သုံးဆယ်စာချုပ်ဖြင့် (၃၀.၈.၂၀၁၁)ခုနှစ်မှ စတင်ငှားရမ်းလည်ပတ်ခဲ့ပါကြောင်း ၂၀၂၀ -၂၀၂၁ ကြံရာသီအထိ (၉)နှစ်လည်ပတ်ခဲ့ပြီး  ၂၀၂၁ -၂၀၂၂ လာမည့်နှစ်ကြံရာသီမှစ၍ ကြံဝယ်ယူခြင်းမပြုတော့ကြောင်း ကြံတောင်သူများကို အကြောင်းကြားလာသည့်အတွက် ကြံတစ်မျိုးတည်းကိုသာ အားထားစိုက်ပျိုးလုပ်ကိုင်နေကြတဲ့တောင်သူ (၁၀၀) ကျော်နဲ့ မှီခိုသူ ၂၀၀၀ ကျော်ရဲ့ ဘဝရပ်တည်ရေးအခက်အခဲဖြစ်ပေါ်နိုင်သဖြင့်သကြားစက်လည်ပတ်ပေးဖို့ပြောလိုပါကြောင်း” ရှင်းပြခဲ့ပါတယ်။

 

ယုဇနကုမ္ပဏီပြောတာကတော့အရှူံးပြနေလို့သကြားစက်ပိတ်ရတာလို့အကြောင်းပြကြောင်း ဦးသိန်းရွှေကပြောပါတယ်။

ပျဥ်းမနားသကြားစက်ဝန်ထမ်း ဦးသူရ ရှင်းပြတာကတော့

“စက်ရုံကို ၃၁.၈.၂၀၁၁ ခုနှစ်မှာ အစိုးရထံမှ ယုဇနကုမ္ပဏီက နှစ် (၃၀) စာချူပ်ချူပ်ပြီးငှားရမ်းလုပ်ကိုင်ခဲ့တာ ယနေ့ဆိုရင်(၉)နှစ်ရှိပါပြီ၊ ကုမ္ပဏီအနေနဲ့ ဝန်ထမ်း (၃၀၀)ကျော်အတွက် လုပ်ခလစာအတွက် စာချုပ်ချုပ်ခဲ့စဥ်က ပါတဲ့စည်းကမ်းချက် ၅ (ခ) နိုင်ငံဝန်ထမ်းများနဲ့ တန်းတူလုပ်ခလစာပေးပါမယ်ဆိုတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ပြီး လစာနှုန်းထားအပြည့်မပေးခဲ့ပါဘူး၊ ဒါကြောင့်ဝန်ထမ်းတွေ ခံစားခွင့်ဘာတစ်ခုမှမရခဲ့ပါဘူး၊ သာရေး၊နာရေးတွေမလုပ်ပေးပါဘူး အရှုံးပြတယ်လို့သာ အမြဲပြောပြီး ဝန်ထမ်းအရေးကိစ္စလျှစ်လျူနေတာကြာခဲ့ပါပြီ၊ ယူနီဖောင်းလဲမပေးဘူး၊ ၂၀၁၉ မှာ ကုမ္ပဏီက စက်ရုံကို ပြန်အပ်မယ်ဆိုပြီးစာတင်ပါတယ်။ ဝန်ကြီးဌာနကတော့ အခုရာသီလည်ပြီးရင် စာတင်ပါဆိုပြီး ပြန်အကြောင်းကြားကြောင်းသိရပါတယ်၊ အခုစက်ရုံကိုပြန်အပ်ဖို့ စာတင်ထားတယ်လိုသိရပါတယ်၊ တစ်ဖက်ကအကြောင်းမပြန်သေးပါဘူး ဒါပေမယ့်စက်ရုံမှူးက စက်မလည်တော့ဘူး၊ ကြံမဝယ်တော့ဘူးဆိုပြီး စိုက်ပျိုးရေးကိုအကြောင်းကြားသလို ကြံတောင်သူတွေကိုလည်းအကြောင်းကြားကြောင်းသိရပါတယ်”လို့ သူသိထားတာကို ပြန်ပြောပြပါတယ်။

 

“ ဒီလိုစက်ရုံပြန်အပ်တဲ့ကိစ္စကို သက်ဆိုင်ရာ ကက်ဘိနက်မှာ ဆွေးနွေးဆုံးဖြတ်ရမှာဖြစ်ပေမယ့် အောက်ခြေမှာအခုလိုဖြစ်နေတာဟာ ဝန်ထမ်းတွေအတွက် စိုးရိမ်စရာအခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်၊ စက်ရုံပိတ်ရင် ဝန်ထမ်းတွေအတွက် ဘယ်လိုစီစဥ်ပေးမလဲ ကုမ္ပဏီဟာစက်ရုံကို စတင်ငှားရမ်းစဥ်ကတည်းက ဝန်ထမ်းတွေအပေါ်ငဲ့ညှာမှုမရှိခဲ့ပါဘူး၊ ဒါကြောင့်စက်ရုံပိတ်ရင်ဝန်ထမ်းတွေအတွက် ဘာလုပ်ပေးမလဲ ဆိုတာကို သိချင်နေကြပါတယ်” လို့လည်း ဦးသူရကပြောပါတယ်။

 

ပျဉ်းမနားသကြားစက်မှာ ဝန်ထမ်း(၃၇၁)ဦးရှိပြီး သူတို့ကို မှီခိုသူ ၂၀၀၀ ကျော်ရှိပါတယ်၊စက်ရုံသာပိတ်သွားခဲ့ရင်အားလုံးဒုက္ခရောက်ကြတော့မှာဖြစ်ပါတယ် ဒါကြောင် နိုင်ငံတော်အကြီးအကဲတွေထံ ဒီဖြစ်စဥ်ကို အလေးထားဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံစာတွေပို့ထားပါကြောင်းလည်း ဝန်ထမ်းတွေကိုယ်စားပြောပါတယ်။

 

ဒီလို ဝန်ထမ်းတွေနဲ့ မိသားစု ၂ထောင်ကျော်အပါအဝင် ကြံတောင်သူတွေနဲ့မှီခို ၂ထောင်ကျော်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနက အချိန်မီဖြေရှင်းပေးဖို့ လိုလားနေကြပါတယ်။

 

#voiceofmyanmar #VOM #ပျဉ်းမနား #ကြံတောင်သူအခက်အခဲ #သကြားစက်

Related posts

Leave a Comment

VOM News

FREE
VIEW